အစ္စရေးက မြန်မာစစ်တပ်ကို အဆင့်မြင့်လက်နက်များ ဆက်လက်ရောင်းချခဲ့

အစ္စရေးက မြန်မာစစ်တပ်ကို အဆင့်မြင့်လက်နက်များ ဆက်လက်ရောင်းချခဲ့

အစ္စရေး စစ်လက်နက် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ  တရားမဝင် စစ်အာဏာသိမ်းယူမှု ဖြစ်ပွားပြီး နောက်ပိုင်းမှာလည်း မြန်မာစစ်အုပ်စုထံ အဆင့်မြင့်နည်းပညာသုံး လေကြောင်းစစ်လက်နက်ပစ္စည်း အများအပြားကို ရောင်းခဲ့တယ်လို့ အစ္စရေးအခြေစိုက် Haaretz သတင်းစာကြီးက ထပ်မံထုတ်ဖော် ရေးသားလိုက်ပါတယ်။

Israel Aerospace Industries (IAI) နဲ့ Elbit Systems ကုမ္ပဏီက စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၂ ခု နှစ်အထိ မြန်မာစစ်တပ်ထံ ကာကွယ်ရေးစနစ်တွေ ရောင်းချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါဟာ  မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လက်နက်ရောင်းချမှု ပိတ်ပင်ထားတာတွေ၊ ၂၀၁၇ ခုနှစ် အစ္စရေးတရားရုံးချုပ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ဒီကရီနဲ့ မြန်မာကို လက်နက်ရောင်းချမှုတွေ ရပ်တန့်မယ်လို့ ပြောထားတဲ့ အစ္စရေးအစိုးရရဲ့  ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်တွေကို လစ်လျူရှုပြီး ရောင်းချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး “မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းထားတယ်လို့ ၂၀၁၈ ခုနှစ်ကတည်းက အစ္စရေးက ကျေညာခဲ့တာပါ။ ဒါပေမဲ့ အစ္စရေးအစိုးရဟာ လိမ်ညာပြီး လျှို့ဝှက်စွာနဲ့ပဲ ဆက်လက်ပေးပို့နေခဲ့တယ်” လို့ အစ္စရေးရှေ့နေ Eitay Mack က Middle East Eye သတင်းဌာနကို ပြောခဲ့ပါတယ်။

အဲဒီစစ်လက်နက်တွေကို အစ္စရေးနိုင်ငံ အက်ရှ်ဒေါ့ဆိပ်ကမ်းမှ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းသို့ တင်ပို့ခဲ့ တာလို့ အဆိုပါသတင်းစာက ဖော်ပြပါတယ်။

စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းပြီးနောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ယခုကဲ့သို့ အစ္စရေးက မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေမှုအပေါ် မြန်မာ့အရေးတက်ကြွလှုပ်ရှားတဲ့ Justice for Myanmar(JFM) အဖွဲ့ကလည်း ဝေဖန်ပြစ်တင်လိုက်ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါကိုကြည့်ရင် IAI နှင့် Elbit တို့ဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိကြောင်း သိသိနဲ့  စစ်တပ်ကို လက်နက်တပ်ဆင်ပေးနေတယ် ဆိုတာ မြင်သာပါတယ် လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောကြားထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး အာဏာသိမ်းတပ်ဖွဲ့ရဲ့လက်ချက်ကြောင့် ပြည်သူ ၄၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ လေယာဉ်ဆီ ပိတ်ပင်ဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ တောင်းဆိုနေကြချိန်မှာပဲ အစ္စရေးနိုင်ငံက ကာကွယ်ရေး လက်နက်ထုတ် ကမ္ပဏီတွေရဲ့ စစ်ကောင်စီကို စစ်လက်နက်နဲ့ နည်းပညာရောင်းချတဲ့ သတင်းတွေ ထွက်လာတာလည်းဖြစ်ပါတယ်။    
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly