နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြော

နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြော

 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီးချိန်ကစလို့ တူမီးသေနတ်နဲ့ စတင်ခဲ့တဲ့ အာဏာရှင်ခုခံစစ်ဟာ အခုချိန်မှာ ထိုးစစ်အသွင် ပြောင်းခဲ့ပြီ ဖြစ်သလို စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ ခေတ်မီလက်နက်တွေသုံးပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခဲ့တဲ့၂ နှစ်ပြည့်မှာ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

ယာယီသမ္မတ ဒူဝါလရှီးလက ခုခံစစ် နှစ်နှစ်အတွင်း ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင် မလုံခြုံမှု ခံစားရအောင် တော်လှန်ရေးရဲဘော်တွေက စွမ်းဆောင်နိုင်နေပြီလို့ ပြောပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ်ခန့် ဖြစ်ပွားပြီး စစ်သားအင်အား သုံးသောင်း ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၂၉၃ ရင်း ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်းပေါင်း ၆၈ ရင်း ရှိတယ်လို့ NUG ရဲ့ နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ရဲ့ သေဆုံးမှုမှာ နှစ်နှစ်တာအတွင်း စစ်ကောင်စီအင်အား စုစုပေါင်းရဲ့ ၁၂ ဒသမ ၅ရာခိုင်နှုန်း စစ်မြေပြင်မှာ ပြုန်းတီးခဲ့ပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ခုခံစစ် ပထမနှစ်အတွင်း ရန်သူ့စခန်း ၂၈ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ပေမယ့် ဒုတိယနှစ်တွင် ရန်သူ့စခန်းပေါင်း ၁၀၇ခုထိတ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အရေးကြီးတဲ့ စစ်ရေးဖြစ်ပေါ်တိုးတက်မှုမှာ ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်အောင် ပိုမိုစွမ်းဆောင်လာနိုင်ခြင်းဖြစ်ကြောင်း၊ ခုခံတွန်းလှန်စစ်အားကောင်းသော ဒေသတွေမှာ လက်နက်ငယ်များသာမက လက်နက်ကြီးများ၊စက်သေနတ်များနဲ့ ခဲယမ်းမီးကျောက်မျိုးစုံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်သူလူထုကို အမှန်တကယ်ကူညီလိုပါက နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ ဝိုင်းဝန်းကူညီကြဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာအစိုးရတွေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုအားလုံးကို ဖြတ်တောက်ပေးဖို့နဲ့ လက်နက်ခဲယမ်း၊ လေယာဉ်ဆီဝယ်ယူမှုကို ပြင်းထန်စွာ ပိတ်ဆို့ကန့်သတ်ပေးဖို့ကိုလည်း NUG အစိုးရက တိုက်တွန်းခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly