မြန်မာစစ်အုပ်စုက ကျင်းပမယ့် အာဆီယံလေတပ်ညီလာခံကို အဖွဲ့ဝင်နိုင်ငံတွေ မတက်ရန် တောင်းဆို

မြန်မာစစ်အုပ်စုက ကျင်းပမယ့် အာဆီယံလေတပ်ညီလာခံကို အဖွဲ့ဝင်နိုင်ငံတွေ မတက်ရန် တောင်းဆို

 

နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အာဆီယံ လေတပ်ညီလာခံကို မတက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လေတပ်ကာကွယ်ရေးဦးစီးချုပ်တွေတက်မယ့် အဲဒီလေတပ်ညီလာခံကို နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ပြီး လာမယ့် စက်တင်ဘာလ ၁၂ ၊ ၁၃ တို့မှာ ကျင်းပမှာပါ။ မြန်မာစစ်အုပ်စုက  မကြာမီ အိမ်ရှင်အဖြစ် ကျင်းပမယ့် လေတပ်အကြီးအကဲများ ညီလာခံကို မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ CRPH က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

တစ်နိုင်ငံလုံးအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို အခုလို  နိုင်ငံတကာက ပါဝင် တက်ရောက်မယ့် ညီလာခံတွေ ကျင်းပခွင့် ပေးနေခြင်းအတွက် အာဆီယံအပေါ်မှာလည်း  မေးခွန်းထုတ်စရာတွေ ဖြစ်လို့လာပါတယ်။

ဒါ့ကြောင့် မကြာခင် ကျင်းပမယ့် အာဆီယံလေတပ် အကြီးအကဲများ ညီလာခံ ကို အမြန်ဆုံး ဖျက်သိမ်း ရပ်ဆိုင်းပေးဖို့ အာဆီယံကို အရေးတကြီး တောင်းဆိုထားပါတယ်။

ဒီလေတပ်ဦးစီးချုပ်များ ညီလာခံကို အရှေ့တောင်အာရှနိုင်ငံတချို့က မတက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ စက်တင်ဘာ ၇ ရက်နေ့ထုတ် The Straits Times သတင်းမှာ ရေးသားထားပါတယ်။

အရပ်သားတွေကို လေကြောင်းကတိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီကို ဖယ်ကြဉ်ရာရောက်အောင် စစ်ခေါင်းဆောင်တွေ ဦးဆောင်မဲ့ လေတပ်ညီလာခံကို ရှောင်ရှားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီညီလာခံကို မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက တက်ရောက်မှာမဟုတ်ဘူးလို့ အကြောင်းပြန်ထားပြီး ဖိလစ်ပိုင်ကလည်း လူကိုယ်တိုင်မတက်ဘဲ ဗီဒီယိုသတင်းစကားပဲ ပေးပို့မယ်လို့ ဆိုပါတယ်။

စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကတော့ ညီလာခံကိုတက်ရောက်ဖို့ မတက်ရောက်ဖို့ တိတိကျကျအကြောင်း မပြန်သေးပါဘူး။

ကမ္ဘောဒီးယား လေတပ်ကာကွယ်ရေးဦးစီးချုပ်က ဒီညီလာခံအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး ထိုင်းနိုင်ငံ လေတပ်ဦးစီးချုပ်ကတော့ ညီလာခံတက်မယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

ဒီလေတပ်ညီလာခံကို အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ စစ်ကောင်စီလေတပ် ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

လေတပ်ဦးစီးချုပ် တာဝန်ကို ရယူခဲ့ပြီး ကာလတွေ ဖြစ်တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၉၃၀ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့ပြီး၊ လူပေါင်း ၁,၀၀၀ နီးပါးကို သေဆုံးစေခဲ့တာ ဖြစ်ပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူ လေးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ရှစ်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း CRPH က ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း ရုရှားနဲ့ တရုတ်လေယာဉ်တွေသုံးပြီး ပြည်တွင်းမှာ အရပ်သားတွေကို တိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေး စားပွဲတင်လေ့ကျင့်မှု တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လက်တွေ့ မြေပြင်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကိုလည်း လာမယ့်  စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုရှားနိုင်ငံမှာ  ကျင်းပသွားဖို့ ရှိနေပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်တာတွေအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပူးပေါင်းဆောင်ရွက်တာတွေ လုံးဝရပ်တန့်ဖို့ CRPH က တောင်းဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေဟာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဦးတည်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly