စစ်ကောင်စီအပေါ် ထောက်ပံ့ပေးနေမှုကို အဆုံးသတ်ဖို့ G20 နိုင်ငံတွေကို တိုက်တွန်း

စစ်ကောင်စီအပေါ် ထောက်ပံ့ပေးနေမှုကို အဆုံးသတ်ဖို့ G20 နိုင်ငံတွေကို တိုက်တွန်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာ ချက်ချင်းရပ်တန့်အောင် မြန်မာစစ်တပ်ကို တောင်းဆိုဖို့၊ စစ်တပ်ဆီ လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့ရောင်းချနေတာတွေ အဆုံးသတ်ဖို့၊ စစ်ကောင်စီတပ်ရဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ G-20 အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန က စက်တင်ဘာ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်ကြာကျင်းပမယ့် G-20 စက်မှုထိပ်သီးနိုင်ငံတွေ အစည်းအဝေးမှာ မြန်မာနိုင်ငံအကျပ်အတည်းကို လျစ်လျူမရှုဘဲ အပြီးသတ်ဖြေရှင်းပေးဖို့အတွက် အချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ NUG က တိုက်တွန်းထားပါတယ်။

တစ်ဆက်တည်းမှာပဲ ပြည်တွင်း နယ်စပ်ဖြတ်ကျော် အုပ်ချုပ်မှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ဖို့အပြင် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေဖြေရှင်းဖို့အတွက် NUG နဲ့ မဟာမိတ်အဖွဲ့တွေကို နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ရေး အကူအညီတွေပေးဖို့လည်း ပါရှိပါတယ်။

မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကြောင့် ကမ္ဘာ့နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ဒီအကျပ်အတည်းကို G 20 အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီကို လက်နက်၊ ငွေကြေးနဲ့ သံတမန်ပိုင်းဆိုင်ရာ ထောက်ပံ့နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မိုဒီကို ဖိအားပေးတားမြစ်ကြဖို့ G20 အဖွဲ့ဝင်နိုင်ငံတွေကို Burma Campaign UK ကလည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင်ကတည်းက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် တရားရင်ဆိုင်နေရပေမဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာစစ်တပ်ကို ဆက်ပြီး ကူညီထောက်ပံ့နေတယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှ ာဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုလို့သတ်မှတ်နိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုးပြီး လုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံတွင်းမှာ ထောင်နဲ့ချီတဲ့လူတွေ အသတ်ခံရပြီး လူ နှစ်သောင်းခွဲလောက်ဖမ်းဆီးခံထားရသလို လူပေါင်း နှစ်သန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ 

အိန္ဒိယနိုင်ငံထဲ ထွက်ပြေးဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို အိန္ဒိယအာဏာပိုင်တွေက တရားဝင်နေထိုင်ခွင့်မပေးဘဲ ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ ချုပ်နှောင်ထားတာနဲ့ မိခင်နိုင်ငံကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးခန်းတွေကို တိုက်ခိုက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့တာတွေ ရပ်တန့်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အတူတကွတားမြစ်ဖို့ G20 အစည်းအဝေးဟာ အခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly