မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အမေရိကန် ဒုသမ္မတတိုက်တွန်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ အမေရိကန် ဒုသမ္မတတိုက်တွန်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ် Kamala Harris က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကာင်စီအနေနဲ့ ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးနဲ့၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ထူထောင်နိုင်ရေးတို့ကို ဆက်လက် ဖိအားပေးတိုက်တွန်းသွားပါ့မယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က ပြောဆိုသွားတာပါ။ 

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် ဒုသမ္မတ ဒေသတွင်းနိုင်ငံတွေကို အခုလိုတိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက် ထောက်ခံသွားမယ်လို့လည်း သူက ပြောပါတယ်။

အင်ဒိုပစိဖိတ်ဒေသနဲ့ ပတ်သက်လို့ အားလုံးရဲ့ ဘုံ မျှော်မှန်းချက်တွေ ခိုင်ခိုင်မာမာ ရှိနေတာကို ကျေနပ်မိပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရေးဖို့  ဒေသတွင်း အရေးကိစ္စတွေနဲ့ နိုင်ငံတကာ အရေးတွေမှာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းနဲ့ ကျင့်ဝတ်တွေ ချမှတ်နိုင်ရေး အားလုံး တူညီတဲ့ သံန္နိဌာန်ချမှတ်ထားပါတယ်လို့လည်း ဆိုပါတယ်။

အဲဒီအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်တွေက အကြမ်းဖက်မှု၊ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်ချေမှုန်းမှုတွေအတွက် အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုအကြား ပိုပြီး နီးနီးစပ်စပ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဝါရှင်တန်မြို့တော်မှာ အမေရိကန် အာဆီယံ စင်တာ ဖွင့်လှစ်မယ့်အကြောင်းလည်း ကမ်မလာ ဟဲရစ်က တစ်ဆက်တည်း ကြေညာလိုက်ပါတယ်။ 

အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်မှု၊ အပြန်အလှန် ဆက်သွယ်နိုင်မှု၊ ကြွယ်ဝချမ်းသာပြီး လုံခြုံမှုနဲ့ အခက်အခဲတွေကြားက ကြံ့ကြံ့ခံနိုင်ရေး မျှော်မှန်းချက်တွေကို အမေရိကန်ဒုသမ္မတ Kamala Harris အလေးထားပြောဆိုသွားပါတယ်။

အင်ဒို ပစိဖိတ်ဒေသအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအရ နေရာယူထားမှုဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ဖြစ်တယ်ဆိုတာကို ဒုသမ္မတ ဟဲရစ်က အလေးထား ပြောဆိုသွားပါတယ်။ 

အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေတက်ရောက်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကိုတော့  စက်တင်ဘာ ၅ ရက်နေ့ကနေ  စက်တင်ဘာ ၇ ရက်နေ့အထိ ကျင်းပပြုုလုပ်နေတာလည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly