ကမ္ဘောဒီးယားကို ၂၀၅၀ တွင် ဝင်ငွေမြင့်နိုင်ငံ ဖြစ်စေရန် ဝန်ကြီးချုပ်သစ် ဟွန်မန်နက် ရည်မှန်း

ကမ္ဘောဒီးယားကို ၂၀၅၀ တွင် ဝင်ငွေမြင့်နိုင်ငံ ဖြစ်စေရန် ဝန်ကြီးချုပ်သစ် ဟွန်မန်နက် ရည်မှန်း

ကမ္ဘောဒီးယားနိုင်ငံကို လာမည့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ဝင်ငွေမြင့်မားသည့် နိုင်ငံ ဖြစ်လာစေရေး ရည်မှန်းထားကြောင်း ဝန်ကြီးချုပ်သစ် ဟွန်မန်နက်က စက်တင်ဘာ ၄ ရက်တွင် ပြောဆိုသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူးကို စတင်တာဝန်ယူပြီးနောက် နိုင်ငံတကာ ဖိုရမ်တခုတွင် ဟွန်မန်နက်က အများပြည်သူသို့ ပထမဆုံး မှတ်ချက်စကား ပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားတွင် အတိုက်အခံပါတီအားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည့် တဖက်စောင်းနင်းကျခဲ့သော အထွေထွေ ရွေးကောက်ပွဲတရပ်အပြီးတွင် အသက် ၄၅ နှစ်ရှိ ဟွန်မန်နက်သည် သူ၏ ဖခင်ဖြစ်သည့် ဟွန်ဆန်ထံမှ ရာထူးအာဏာကို လွှဲပြောင်းရယူခဲ့သည်။

ကမ္ဘောဒီးယားအနေဖြင့် ကြိုးစားပမ်းစား ရယူထားသည့် ငြိမ်းချမ်းရေး သဘောသဘာဝကို ကာကွယ်စောင့်ရှောက်ရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေမြင့် နိုင်ငံတနိုင်ငံ ဖြစ်လာစေရေးဆိုင်ရာ သမိုင်းမှတ်တိုင် ရောက်ရှိစေရေးအတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြင့်စေရန် ဆက်စပ်လွှမ်းခြုံသော အမျိုးသား စီးပွားရေး အမြင်မျှော်မှန်းချက်တခုကို မကြာသေးခင်က ထုတ်ဖော်ခဲ့ကြောင်း ဟွန်မန်နက်က အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်၌ အာဆီယံ စီးပွားရေးဖိုရမ်တခုတွင် ပြောကြားသည်။

ထိုအမြင်တွင် လူသားအရင်းအနှီးနှင့် ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးရေးနှင့် အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့မှုတို့ ပါဝင်ကြောင်း ၎င်းက ပြောပြီး ယင်းကို “ပဉ္စဂံ မဟာဗျူဟာ” အဖြစ် ရည်ညွှန်းပြောဆိုသည်။

ဆယ်စုနှစ်များကြာ စစ်ပွဲကြောင့် တချိန်က စိတ်ဝမ်းကွဲထားခဲ့သည့် နိုင်ငံတနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားသည် လက်ရှိတွင် စီးပွားရေး တိုးတက်မှုနှုန်း ခုနစ်ရာခိုင်နှုန်းနှင့်အတူ ဝင်ငွေအလယ်အလတ် နိမ့်သော နိုင်ငံတနိုင်ငံအဖြစ် ပြောင်းလဲရောက်ရှိထားခဲ့သည်ဟု ၎င်းက ပြောသည်။

အမေရိကန် ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ဘွဲ့ရတဦးဖြစ်သလို ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးလည်း ဖြစ်သည့် ဟွန်မန်နက်က စက်တင်ဘာ ၅ ရက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ ပြောကြားရာတွင် အဓိကအင်အားကြီးနိုင်ငံများအကြား ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု တင်းကျပ်လာကြောင်း ပြောခဲ့သလို ယင်းက အာဆီယံဒေသတခုလုံးအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြီးပွားချမ်းသာမှုအပေါ် ဖိအားများ ကျရောက်စေကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly