တရုတ် အမျက်ထွက်နိုင်သည့်ကြားမှ ဗီယက်နမ်နှင့် ဆက်ဆံရေး မြှင့်တင်ရန် အမေရိကန် မျှော်လင့် 

တရုတ် အမျက်ထွက်နိုင်သည့်ကြားမှ ဗီယက်နမ်နှင့် ဆက်ဆံရေး မြှင့်တင်ရန် အမေရိကန် မျှော်လင့် 

အမေရိကန်နိုင်ငံသည် ရန်ဘက်ဟောင်း ဗီယက်နမ်နိုင်ငံသို့ သမ္မတ ဂျိုး ဘိုင်ဒင်က သီတင်းတပတ်အတွင်း သွားရောက်ကာ သံတမန်ဆက်ဆံရေးအား ထိပ်တန်းအဆင့် မြှင့်တင်နိုင်ရန် မျှော်လင့်ထားပြီး ယင်းသည် တရုတ်အတွက် အမျက်ထွက်စရာ ဖြစ်နိုင်သည်။ 

အိမ်နီးချင်း နိုင်ငံကြီး တရုတ်ဆီမှ ဖြစ်လာနိုင်သော တန်ပြန်မှုများကို စိုးရိမ်ပူပန်ရင်း ဗီယက်နမ်သည် အမေရိကန်နှင့် ဆက်ဆံရေး မြှင့်တင်မှုအကြောင်း အစပိုင်း၌ သတိထား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် ဗီယက်နမ်နိုင်ငံအား စည်းရုံးနိုင်ရေး ဘိုင်ဒင် အစိုးရက ကြိုးပမ်းမှုများ ရှိလာခဲ့ကာ မကြာသေးသော လများအတွင်း အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိများ ဗီယက်နမ်သို့ သွားရောက်ခြင်းများ ရှိလာခဲ့သည်။ 

မကြုံဘူးသော တွန်းအားများကြောင့် အမေရိကန်သည် တရုတ်နှင့် ရုရှတို့နှင့်အပြိုင် ဗီယမ်နမ်၏ သံတမန်ရေး အဆင့်အတန်းကို ထိပ်တန်းမြှင့်တင်နိုင်ရေးအတွက် မျှော်မှန်းချက် ထားလာခဲ့သည်။ 

ဆက်ဆံရေး အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်သော အပြုသဘောထားများကို နှစ်နိုင်ငံတာဝန်ရှိသူများက အလွတ်သဘော ဖော်ပြခဲ့ကြကြောင်း ဇူလိုင်လအတွင်း၌ ဘိုင်ဒင်က လူသိရှင်ကြား ပြောသော်လည်း မည်သည့် အစိုးရကမျှ တရားဝင် ထုတ်ပြန်ချက်တော့ မထုတ်ပေ။ 

အာရှတွင် အခြားသော နိုင်ငံများနှင့် ဆက်ဆံနေချိန် “တတိယအုပ်စု” ကို အမေရိကန်အနေဖြင့် ပစ်မှတ်မထားရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလာခဲ့သည်။ 

“အာရှနိုင်ငံတွေနဲ့ ဆက်ဆံရင် အမေရိကန်အနေနဲ့ စစ်အေးတိုက်ပွဲ တဖက်သတ်အနိုင်ပိုင်းတဲ့ စိတ်ထားကို စွန့်ပစ်သင့်တယ်၊ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အခြေခံစံနှုန်းတွေကို လိုက်နာသင့်တယ်၊ တတိယအုပ်စုကို ပစ်မှတ်မထားသင့်ဘူး၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ ချမ်းသာဝပြောရေးတွေကို မယိုင်နဲ့စေသင့်ဘူးလို့ ကျွန်မတို့ ယူဆတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မော်နင်းက ပေကျင်းတွင် တနင်္လာနေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။ 

တရုတ်အား မျက်နှာချိုသွေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည့် ဗီယက်နမ်က စက်တင်ဘာ ၁၀ ရက် ဂျိုး ဘိုင်ဒင်၏ ခရီးစဉ် အပြီး သို့မဟုတ် ခရီးစဉ် မတိုင်ခင် အချိန်ပိုင်း၌ တရုတ်တာဝန်ရှိသူများ ဟနွိုင်းသို့ လာရောက်ရေးကို ဆွေးနွေးပြောဆိုလျက် ရှိပြီး လာမည့်ရက်များ သို့မဟုတ် သီတင်းပတ်များအတွင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင် သို့မဟုတ် ဝန်ကြီးချုပ်တို့က ဗီယက်နမ် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ 

ထိုသို့ တရုတ်ခေါင်းဆောင်ပိုင်း ဟနွိုင်းသို့ သွားရောက်မည် ကိစ္စရပ်နှင့် ပတ်သက်ကာ ထင်မြင်ချက် ပေးရန် တောင်းဆိုသည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင် မတုံ့ပြန်သော်လည်း ရှီကျင့်ဖျင် မဟုတ်ဘဲ ဝန်ကြီးချုပ် လီကပဲ စနေနှင့် တနင်္ဂနွေတို့၌ အိန္ဒိယက ဂျီ ၂၀ ကမ္ဘာ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်လိမ့်မည်ဟု အတည်ပြုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly