ထိုင်းဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်းသည် လုပ်ငန်းစဉ် အစီအစဉ်များ ကျပ်နေခြင်းကြောင့် အင်ဒိုနီးရှားတွင် ယခုသီတင်းပတ်၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ပေ။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံထိပ်သီးအစည်းအဝေးအား ဂျကာတာတွင် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဖြစ်သည့် သမ္မတ ဂျိုကို ဝီဒိုဒို ဦးဆောင်သော အာရှခေါင်းဆောင်များသည် ယခု အစည်းအဝေး၌ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေး၊ ဒေသစီးပွားရေး၊ နယ်ဖြတ်ကျော် ရာဇဝတ်မှုများအရေးနှင့် အခြားသော အရေးကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ဆရတ်သာသည် ပြီးခဲ့သည့်လက လွှတ်တော်၏ ရွေးကောက်မှုဖြင့် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့ကိုလည်း စနေနေ့၌ ထိုင်းဘုရင်က အတည်ပြုလိုက်သည်။
ဝန်ကြီးချုပ်နှင့် သူ့၏ အစိုးရအဖွဲ့သည် အင်္ဂါနေ့၌ ဘုရင်နှင့်အတူ ပရိသတ်ရှေ့မှောက် ကျမ်းသစ္စာဆိုရန် ရှိပြီး ယင်းနောက် လွှတ်တော်၌ မူဝါဒရေးရာ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။
အာဆီယံ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဆာရန်ချာရိုအန်ဆူဝန်က ထိုင်းကိုယ်စားပြု တက်ရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူနှစ်ဦးက ရိုက်တာသို့ ပြောသော်လည်း ဝန်ကြီးချုပ် မည်သည့်အတွက်ကြောင့် မတက်ရောက်ခြင်းကို အသေးစိတ် မပြောပေ။
အစည်းအဝေး မတိုင်ခင်၌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က အာဆီယံအဖွဲ့ကြီးအတွက် အဓိက အရေးကိစ္စတရပ် ဖြစ်နေသော မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး အပြုသဘောဆောင် ဆွေးနွေးမှုကို ကမ္ဘောဒီးယားက လိုလားကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း ၂၀၂၁ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းလိုက်ချိန်မှစကာ ထိပ်သီးအစည်းအဝေးများမှ စစ်တပ်အုပ်ချုပ်သူများကို ဖယ်ကြဉ်ထားသည်။ အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံ၌ အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားပေါ်ပေါက်နေသည်။
အာဆီယံအဖွဲ့အနေဖြင့် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် သက်ဆိုင်သူအားလုံးကြား ဆွေးနွေးပွဲ ပေါ်ပေါက်ရေး တောင်းဆိုသည့် ဘုံသဘောတူညီချက် ငါးရပ်ဟု သိကြသော ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို သဘောတူထားသော်လည်း မြန်မာစစ်ဗိုလ်ချုပ်များက နှုတ်ထွက်နှင့် လုပ်ရပ် မကိုက်ညီဘဲ ရှိနေသည်။
(မိုးသဲ ဘာသာပြန်သည်။)