ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာရောက်

By Anadolu Agency
04 September 2023
ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာရောက်

ရိုဟင်ဂျာနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်ပြီး တရုတ် ကြားဝင်စေ့စပ်သည့် အစည်းအဝေးတခုကို ဦးဆောင်ရန် ဘင်္ဂလားဒေ့ရှ်မှ အဆင့်မြင့်လယ်ဗယ် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စက်တင်ဘာ ၄ ရက်က မြန်မာသို့ ရောက်ရှိလာသည်ဟု သိရသည်။

ရှေ့ပြေး အစီအစဉ်တရပ်အောက်တွင် ရိုဟင်ဂျာ ၃,၀၀၀ ကျော် ပါသည့် စာရင်းတခုကို အတည်ပြုစစ်ဆေးရန် မြန်မာသို့ ပို့ဆောင်ထားကြောင်းနှင့် ဖြစ်နိုင်ခြေရှိ နေရပ်ပြန်ရေးကိစ္စကို တရုတ်၏ စေ့စပ်ပေးမှုအောက်တွင် စတင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံမှ အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ကြရသည့် ရိုဟင်ဂျာ မွတ်စလင် ၁ ဒသမ ၂ သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ လူပြည့်သိပ်နေသော စခန်းများနှင့် ဘင်္ဂလားပင်လယ်အော်ရှိ ဘာဆန်ချား ကျွန်းတို့တွင် နေထိုင်နေကြရလျက် ရှိသည်။

ရိုဟင်ဂျာ ဒုက္ခသည် အများစုသည် ၂၀၁၇ ခုနှစ် ဩဂုတ်လက ရခိုင်ပြည်နယ်၌ မြန်မာစစ်တပ်၏ လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုတရပ်ကြောင့် ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

ယခုနှစ် အစောပိုင်းက မြန်မာစစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့နှစ်ဖွဲ့ ကော့ဇ်ဘဇားသို့ သွားရောက်ခဲ့သလို ရှေ့ပြေးအစီအစဉ်အောက်တွင် ဘင်္ဂလားဒေ့ရှ် အရာရှိများနှင့် ရိုဟင်ဂျာ ကိုယ်စားလှယ်များ ပါဝင်သည့် အခြား ကိုယ်စားလှယ်အဖွဲ့တဖွဲ့လည်း ရခိုင်ပြည်နယ်သို့ သွားရောက်ထားခဲ့သည်။ သို့သော် အရေးကိစ္စတို့နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများက ရှေ့မတိုးနိုင်ဘဲ တန့်နေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်နာ မိုဟာမက် မီဇာနူအာ ရာဟ်မန်က ယခု နောက်ဆုံး အစည်းအဝေးကို အတည်ပြုပြီး ၎င်းတို့နိုင်ငံအနေဖြင့် ယခုနှစ်ထဲတွင် မြန်မာသို့ ရိုဟင်ဂျာများ နေရပ်ပြန်မှုကို စတင်နိုင်မည်ဟု မျှော်လင့်ထားသည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly