အိန္ဒိယတွင် နှစ်ရာချီအတွင်း စံချိန်တင် အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံးသော ဩဂုတ်လကို ကြုံတွေ့

အိန္ဒိယတွင် နှစ်ရာချီအတွင်း စံချိန်တင် အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံးသော ဩဂုတ်လကို ကြုံတွေ့

အိန္ဒိယတွင် ရာစုနှစ်တစုကျော်အကြာက နိုင်ငံဆိုင်ရာ စံချိန်မှတ်တမ်းများ စတင်ကောက်ယူပြီးနောက်ပိုင်း ပြီးခဲ့သည့် ဩဂုတ်လသည် အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံးသော ဩဂုတ်လအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ယင်းသည် ရာသီဥတု ပြောင်းလဲမှုတို့ အရှိန်မြင့်နေစဉ် ကမ္ဘာတဝန်း ကျိုးပျက်သွားသည့် စံချိန်မှတ်တမ်းများအနက် ယခုနောက်ဆုံး ထပ်မံပေါ်ပေါက်လာသည့် မှတ်တမ်းတခုလည်း ဖြစ်သည်။

ဩဂုတ်လက အိန္ဒိယ၏ နှစ်စဉ် မုတ်သုံရာသီ၏ အလယ်တွင် ကျရောက်သည်။ မုတ်သုံရာသီတွင် ပုံမှန်အားဖြင့် အိန္ဒိယ၏ တနှစ်တာ မိုးရေချိန်၏ ၈၀ ရာခိုင်နှုန်းခန့်အထိကို ရွာသွန်းစေသည်။

အိန္ဒိယမြောက်ပိုင်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း မိုးကြီးမှုကြောင့် လူသေဆုံးစေသည့် ရေကြီးရေလျှံမှုတို့ကို ဖြစ်စေခဲ့သော်လည်း တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ခြုံငုံရပါက မိုးရွာသွန်းမှု အတော်နည်းပါးခဲ့ပြီး စံချိန်တင်ပူပြင်းမှုတို့ကို ဖြစ်စေခဲ့သည်။

“၂၀၂၃ ဩဂုတ်လရဲ့ ပျမ်းမျှအလယ်အလတ်နဲ့ အပြင်းဆုံး အပူချိန်တွေက ၁၉၀၁ ခုနှစ်နောက်ပိုင်း စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့တယ်” ဟု အိန္ဒိယ မိုးလေဝသဌာန (IMD) က ပြောသည်။

“မိုးရေချိန် ကြီးကြီးမားမား လျော့ကျမှုနဲ့ အားနည်းတဲ့ မုတ်သုံ အခြေအနေတို့က အဓိက အကြောင်းရင်းဖြစ်တယ်”

ယခုနှစ်တွင် ဩဂုတ်လ ၏ ပျမ်းမျှ မိုးရေချိန်က ၁၆၁ ဒသမ ၇ မီလီမီတာ (၆ ဒသမ ၄ လက်မ) ဖြစ်ပြီး ယင်းသည် ၂၀၀၅ ခုနှစ် ယခင် ဩဂုတ် စံချိန်ထက် ၃၀ ဒသမ ၁ မီလီမီတာ လျော့နည်းကြောင်း IMD ၏ ဒေတာအချက်အလက်များက ပြသသည်။

သန်းနှင့်ချီသော တောင်သူများသည် ၎င်းတို့၏ သီးနှံများအတွက် မုတ်သုံရာသီများအပေါ် အားကိုးကြရပြီး နွေကာလ မိုးရွာသွန်းမှုများက အိန္ဒိယ၏ စားနပ်ရိက္ခာ ဖူလုံမှုနှင့် ကျေးလက်နေ လုပ်သားအင်အား၏ အသက်မွေးဝမ်းကျောင်းအတွက် အလွန်အရေးပါသည်။

အိန္ဒိယတိုက်ငယ်၏ ကုန်းမြေစိုင်ကို နွေကာလ အပူက ပူနွေးစေချိန် မုတ်သုံရာသီ ဖြစ်ပေါ်ပြီး လေကို အထက်သို့ တက်စေပြီး ပိုမိုအေးမြသော အိန္ဒိယ သမုဒ္ဒရာ လေထုထဲ ရောက်စေပြီး ယင်းမှတဆင့် များပြားသည့် မိုးရေချိန်ပမာဏများကို ထွက်ပေါ်စေသည်။

သို့သော် တချိန်တည်းမှာပင် ယင်းသည် နှစ်စဉ် မြေပြို၊ ရေကြီးမှုများဖြင့် ကြီးမားသည့် ထိခိုက်မှုများကို ဖြစ်စေသည်။ ရေခဲမြစ်များ အရည်ပျော်ခြင်းက ရေပမာဏကို ထပ်တိုးစေပြီး ရေကြီးမှု ဖြစ်လွယ်သည့် ဧရိယာများတွင် စည်းကမ်းထိန်းသိမ်းခြင်းမရှိသည့် ဆောက်လုပ်မှုများကလည်း ထိခိုက်ပျက်စီးမှုတို့ကို ပိုဆိုးစေသည်။

စံချိန်တင် မိုးရေချိန် နည်းပါးသော်လည်း အိန္ဒိယ၏ ဟိမဝန္တာဒေသတွင် ဩဂုတ်လက မိုးကြီးမှုကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်ပြီး လူ ၆၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

အိန္ဒိယ ရာသီဥတု ဌာနကလည်း ပြီးခဲ့သည့် ဆယ်စုနှစ်အတွင် နှစ်စဉ်နီးပါးဆိုသလို အပူလှိုင်း ကြေညာခဲ့ပြီး အပူချိန်များသည် တခါတရံတွင် ၅၀ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၂၂ ဒီဂရီ ဖာရင်ဟိုက်) အထိ ရောက်ရှိသည်။

ကမ္ဘာတဝန်းတွင် အပူချိန် စံချိန်မှတ်တမ်းများသည် ပြီးခဲ့သည့်နှစ်များအတွင်း ထိုးကျခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုက မိုးလေဝသအခြေအနေများကို ပိုမို မငြိမ်မသက်ဖြစ်စေသည်။

ကမ္ဘာတဝန်း အပူလှိုင်းများ၊ မီးလောင်ကျွမ်းမှုများ ရှိခဲ့သည့် ၂၀၂၃ ဇူလိုင်လသည် ကမ္ဘာတွင် မှတ်တမ်းများအရ အပူ့တကာအပူပြင်းဆုံးလဖြစ်ခဲ့ကြောင်း ဥရောပသမဂ္ဂ၏ ရာသီဥတု လေ့လာစောင့်ကြည့်မှုအဖွဲ့ Copernicus အရ သိရသည်။

ကမ္ဘာ့လေထုအပူချိန်ကို မြင့်တက်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် စသည့် ဓာတ်ငွေ့များထုတ်လွှတ်မှုများကလည်း ပိုမို ပြင်းထန်၊ အချိန်ကြာသည့် အပူလှိုင်းများကို ဖြစ်ပေါ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly