အွန်လိုင်း အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသား ၈၀ ကျော်ကို အင်ဒိုနီးရှား ဖမ်းဆီး

အွန်လိုင်း အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသား ၈၀ ကျော်ကို အင်ဒိုနီးရှား ဖမ်းဆီး

 

အင်ဒိုနီးရှားတွင် အွန်လိုင်း အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုများ ကျူးလွန်သည့် ဂိုဏ်းအဖွဲ့တခုကို စီမံခန့်ခွဲနေသည် ဆိုသည့် သံသယဖြင့် တရုတ်နိုင်ငံသား ၈၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၃၀ ရက်တွင် ပြောသည်။

အဆိုပါ လိမ်လည်လှည့်ဖြားသူများ အဖွဲ့သည် တရုတ်နိုင်ငံမှ ရာနှင့်ချီသော ပစ်မှတ်သားကောင်များကို လိမ်လည်လှည့်ဖြားထားခဲ့သည်ဟု အင်ဒိုနီးရှားရဲများက ပြောသည်။

တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သတင်းပေးမှုအရ အင်ဒိုနီးရှား ရဲတပ်ဖွဲ့သည် ဩဂုတ် ၂၉ ရက်က Riau ကျွန်း ပြည်နယ် ဘတ်တမ် မြို့ရှိ စက်မှုဇုန်တစ်ခု၌ အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ငါးဦးတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို အလိမ်အညာဂိုဏ်းအဖွဲ့သည် တရုတ်နိုင်ငံရှိ ပစ်မှတ်သားကောင် ရာနှင့်ချီကို ခြိမ်းခြောက်ငွေညှစ်ခဲ့ပြီး ခြိမ်းခြောက် ငွေညှစ်ခံရသူ အများအပြားသည် အစိုးရဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

“ပစ်မှတ်သားကောင်တွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသားတွေ ပါနေသလား ဆိုတာကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။ တကယ်လို့ မပါဘူးဆိုရင် ဒီ လိမ်လည်သူတွေကို နိုင်ငံကနေ ချက်ချင်း နှင်ထုတ်သွားပါမယ်” ဟု Riau ကျွန်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဝါနီ ပန်ဒရာ အာစ်ယက်ဒ်က ဩဂုတ် ၃၀ တွင် အေအက်ဖ်ပီကို ပြောသည်။

လိမ်လည်လှည့်ဖြားသူများသည် ဗီဒီယိုကော(လ်) များ ခေါ်ဆိုစဉ် ၎င်းတို့၏ ပစ်မှတ်သားကောင်များကို ချစ်ကြိုက်သည် ဆိုပြီး ဟန်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

လိမ်လည်လှည့်ဖြားသူများအဖွဲ့မှ အမျိုးသမီးများသည် ၎င်းတို့၏ ပစ်မှတ်သားကောင်များကို သွေးဆောင်ဖြားယောင်းပြီး လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များတွင် ပါဝင်စေရန် တောင်းဆိုခဲ့ကြသည်ဟု စွပ်စွဲခံထားရပြီး ထိုသို့ သွေးဆောင်းဖြားယောင်းနေသည့် ဗီဒီယိုများကို အခြားသော သံသယရှိသူများက မှတ်တမ်းယူထားခဲ့ကြသည်။

ယင်းနောက် သံသယရှိသူများက ၎င်းတို့၏ သားကောင်များကို ခြိမ်းခြောက်ငွေညှစ်ခဲ့ကြပြီး ၎င်းတို့ တောင်းသည့် ငွေများ လွှဲပေးရန် ငြင်းဆန်ပါက ဗီဒီယိုများကို ဆိုရှယ်မီဒီယာတွင် ဖြန့်မည်ဟု ခြိမ်းခြောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် အချိန်မည်မျှကြာ လှုပ်ရှားနေခဲ့သည် ဆိုသည်နှင့် ၎င်းတို့ငွေမည်မျှကို လိမ်လည်လှည့်ဖြားပြီး ရထားသလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။၊

တရုတ်အာဏာပိုင်တို့က ပြည်တွင်းရှိ ကွန်ရက်များကို ဖြိုခွင်းနှိမ်နင်းပြီးနောက်ပိုင်း လိမ်လည်ရိုက်စားလုပ်သူအများအပြားသည် အင်ဒိုနီးရှားနှင့် အခြားသော အရှေ့တောင်အာရှ နိုင်ငံများသို့ ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က အစောပိုင်းက ပြောသည်။

၂၀၁၉ ခုနှစ်ကလည်း ပစ်မှတ်သားကောင်များထံမှ ဒေါ်လာသန်းချီ လိမ်လည်ရယူသည့် အွန်လိုင်း အလိမ်အညာ ရိုက်စားလုပ်ငန်းတခုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသား ၈၅ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဦးတို့ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly