မလေးရှားနိုင်ငံအား ကြီးမြတ်သော နိုင်ငံအဖြစ် ပြောင်းလဲရန် ပြည်သူများကို ဝန်ကြီးချုပ် တိုက်တွန်း 

By The Sun Daily
30 August 2023
မလေးရှားနိုင်ငံအား ကြီးမြတ်သော နိုင်ငံအဖြစ် ပြောင်းလဲရန် ပြည်သူများကို ဝန်ကြီးချုပ် တိုက်တွန်း 

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် ယနေ့၌ ၎င်း၏ ဝန်ကြီးချုပ်အဖြစ် ပွဲဦးထွက် အမျိုးသားနေ့ မိန့်ခွန်း ပြောကြားခဲ့ပြီး မလေးရှားနိုင်ငံအား ကြီးမြတ်သော နိုင်ငံအဖြစ်သို့ ပြောင်းလဲဖော်ဆောင်သည့် လမ်းကြောင်းတွင် နိုင်ငံ၏ လွတ်လပ်ရေးအတွက် ဘေးကင်းရေးမှာ စည်းလုံးညီညွတ်မှုက အရေးကြီးဆုံးဖြစ်ကြောင်း အဓိကထား ပြောကြားခဲ့သည်။ 

မလေးရှားနိုင်ငံသည် လုပ်သားအင်အားစု ကြွယ်ဝပြီး ယင်းကြောင့် ကမ္ဘာ့ပေါ်ရှိ အခြားသော နိုင်ငံများနှင့် ယှဉ်ပြိုင်စွမ်း ရှိသော နည်းပညာအဆင့်မြင့် နိုင်ငံအဖြစ် ပြောင်းလဲနိုင်ပါကြောင်း ၎င်းက ပြောသည်။ 

“ရည်မှန်းချက်နဲ့ မျှော်လင့်ချက်ကြားမှာ နိုင်ငံအနေနဲ့ စည်းလုံးညီညွတ်ရမှာ ဖြစ်ပြီး ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံအတွက် အာမခံနိုင်တဲ့ တရားမျှတမှု ရှိရမှာ ဖြစ်တယ်”ဟု ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဆိုသည်။ 

“ကျွန်တော်တို့တွေ ကိုယ့်ကိုကို၊ ကိုယ့်မိသားစုနဲ့ ကိုယ့်အသိုက်အဝန်းအတွက် ပေးဆပ်နေတဲ့ အချိန်တွေကနေ အကျိုးအမြတ် ဖော်ဆောင်ကြရအောင်ပါ၊ မလေးရှားဟာ သာမန်နိုင်ငံမဟုတ်ဘူးဆိုတာကို ပြသရအောင်ပါ၊ ဒီနိုင်ငံဟာ ချမ်းသာပြီး အရင်းအမြစ် အလျှံပယ် ရှိနေပါတယ်”ဟု ပူထရာဂျာယာ နိုင်ငံတကာကွန်ဗင်းရှင်းစင်တာ၌ လူ ၇,၀၀၀ ကျော်အား မိန့်ခွန်းပြောရာတွင် ဝန်ကြီးချုပ်က ပြောကြားခြင်း ဖြစ်သည်။ 

ဒေသတွင်း ရုပ်သံဌာနများ၌ တိုက်ရိုက်ထုတ်လွှင့်နေသည့် အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှစ်ဦး၊ အစိုးရဝန်ကြီးများ၊ အကြီးတန်းတာဝန်ရှိသူများ၊ အဖွဲ့အစည်း ကိုယ်စားပြုသူများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြသည်။ 

ကြီးမြတ်သော နိုင်ငံအဖြစ်ဆီ တက်လှမ်းနိုင်ရေး ရည်မှန်းချက် ပြည့်စုံလာစေရေးတွင် ပြည်သူများ၌ လွတ်လပ်သော စိတ်ခံစားချက် ရှိပြီး နယ်ချဲ့ဝါဒမှ လွတ်ကင်းကာ ခေတ်မမီသော အတွေးအခေါ်များ မရှိတော့ရန် လိုအပ်ကြောင်းလည်း အန်ဝါက ပြောသည်။ 

ယခုရာစုနှစ်အတွင်း မလေးရှားနိုင်ငံက ကြီးမြတ်သော နိုင်ငံအဖြစ် ပေါ်ထွက်လာရေးတွင် လူမျိုးစုများကြား စည်းလုံးညီညွတ်မှုက မရှိမဖြစ် အရေးကြီးကြောင်းလည်း ၎င်းက ထပ်လောင်း၍ ပြောကြားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly