စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူ

စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူ

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ချိမှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်လိုက်ပါတယ်။

စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အမေရိကန် အစိုးရက အရင် ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသား ဖြစ်တဲ့ Asia Sun ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦဇော်မင်းထွန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်ကြောင်း ဩဂုတ် ၂၃ ရက်နေ့က ကြေညာပါတယ်။

ဒါ့အပြင် အခု ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်တဲ့ ဒေါ်ခင်ဖြူဝင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိုင်ဆိုင်တဲ့ P.E.I Energy နဲ့ PEIA ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ လေယာဉ်ဆီ တင်ပို့ရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေကို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့ ချမှတ်နေပြီး၊ မနေ့က ကြေညာချက်မှာလည်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ဖြူးရောင်းချမှုအတွက် တာဝန်ရှိသူ နှစ်ဦးနဲ့ လုပ်ငန်း သုံးခုကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်တဲ့အကြောင်း၊ ဒီလို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့လိုက်ခြင်းအားဖြင့် စစ်ကောင်စီကို ပိုမိုဖိအားပေးရာရောက်ပြီး၊ မြန်မာပြည်သူတွေအတွက်လည်း ကူညီရာရောက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သရူး မေလာက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူများကို သတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့်တင် သတ်ဖြတ်နေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုများကို ဆက်တိုက် ချမှတ်နေတာဖြစ်ပါတယ်။

အာဏာသိမ်းပြီး ကိုယ့်ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေသုံးစွဲနေတဲ့ စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့ ဒဏ်ခတ်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၃ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့ရာမှာလည်း  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်အပေါ် လေယာဉ်သုံးလောင်စာဆီနဲ့ ငွေကြေးတွေဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ထပ်မံတောင်းဆိုထားပါတယ်။

လူ့အသက်တွေ ထပ်မံမဆုံးရှုံးဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေ ရပ်တန့်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နောက်ဆက်တွဲ အရေးယူမှုတွေ စတင်ဆောက်ရွက်ဖို့ ဦးကျော်မိုးထွန်းက ပန်ကြားခဲ့ပါတယ်။

မြန်မာလူထုရဲ့ အသံကို နားထောင်ပြီး လုံခြုံရေးကောင်စီ အနေနဲ့ အရေးပါ တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူလူထုရဲ့ အသက်တွေကိုကယ်တင်နိုင်ဖို့ အချိန်မကျန်တော့ကြောင်း ဦးကျော်မိုးထွန်းက ထပ်မံသတိပေးခဲ့ပြီး မနှစ်က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချက် အပြီးမှာလည်း စစ်အာဏာရှင်တွေဟာ လူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေကြောင်း ထောက်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly