UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံ

UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူသားချင်း စာနာထောက်ထား ရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ဟာ  ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr Martin Griffiths နဲ့  သြဂုတ် ၂၁ ရက်မှာ  အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

သြဂုတ် ၁၅ ရက်နေ့က UNOCHA အကြီးအကဲ မစ္စတာ မာတင်ဂရစ်ဖစ်ဟာ နေပြည်တော်သို့သွားရောက်ကာ   အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ယင်းတွေ့ဆုံမှုအပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ UN အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနဲ့သာ ဆက်ဆံမှုပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ မြေပြင်ရှိ အရပ်ဖက်လူ့အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံသည့် တန်းတူညီမျှမှုရှိသည့် ဆက်ဆံရေးအား ကျင့်သုံးသွားရန် လိုအပ်ကြောင်းကို NUG ဝန်ကြီးများက တိုက်တွန်းပြောကြားခဲ့ပြီးနောက် အခုလိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေက  ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ကြိုးကိုင်ပြီး လက်နက်သဖွယ် အသုံးချ နေမှုကို ထောက်ကူပေးနေပြီး မြန်မာပြည်သူလူထုကတော့ စစ်ကောင်စီရဲ့ ဖန်တရာတေနေတဲ့ လိမ်စဉ်တွေ ကို ကောင်းစွာ နားလည်သဘောပေါက်ကြတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။  

စစ်ကောင်စီဟာတရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်း စဉ်တွေကို အလွဲ သုံးစားလုပ်ဖို့ အမြဲစဉ်းစားနေတာကို သတိပြုဖို့ လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး သတိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။  

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCH A)အကြီးအကဲရဲ့ မြန်မာခ ရီးစဉ်ဟာ ပြည်သူတွေအတွက် တစုံတရာအကျိုးမဖြစ်စေဘဲ စစ်ကောင်စီအတွက် အသုံးချခံခဲ့ရတဲ့ခ ရီးစဉ်သာဖြစ်တယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၁၄ ဖွဲ့က ဩဂုတ်လ ၂၂ ရက် ရက်နေ့ထုတ်ပြန်ပါတယ်။

တရားဝင်ကိုယ်စားပြုသူတွေ၊အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးသာ  ဆောင်ရွက်သင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်ပြီး ယင်းအနက် လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခနဲ့ မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly