F-15 တိုက်လေယာဉ်များ ဝယ်ယူရေးအတွက် အင်ဒိုနီးရှားနှင့် ဘိုးရင်းကုမ္ပဏီတို့ သဘောတူ 

By The Defense Post
22 August 2023
F-15 တိုက်လေယာဉ်များ ဝယ်ယူရေးအတွက် အင်ဒိုနီးရှားနှင့် ဘိုးရင်းကုမ္ပဏီတို့ သဘောတူ 

အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ စစ်တပ်အောင် ခေတ်မီအောင် မြှင့်တင်လျက်ရှိရာ F-15EX တိုက်လေယာဉ် နှစ်ဒါဇင် ဝယ်ယူရေးအတွက် အမေရိကန်လေယာဉ်ထုတ်လုပ်သည့် ဘိုးရင်းကုမ္ပဏီနှင့် သဘောတူညီချက် ရရှိကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောသည်။ 

အင်ဒိုနီးရှားလေတပ်နှင့် ဘိုးရင်းတာဝန်ရှိသူများကြား အရောင်းအဝယ်အတွက် တနင်္လာနေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက အသိသက်သေမူခဲ့သည်။ 

“F-15EX တိုက်လေယာဉ် ၂၄ ‌စင်း ဝယ်ယူရေးအတွက် နားလည်မှုစာချွန်လွှာ ချုပ်ဆိုပါတယ်”ဟု ဆူဘီယန်တိုက လက်မှတ်ရေးထိုးပွဲအား အသိသက်သေမူသည့် ဓာတ်ပုံအား ဖော်ပြလျက် အင်စတာဂရမ်တွင် ရေးသားသည်။ 

ယခု သဘောတူညီချက်က “အင်ဒိုနီးရှားအား ဝေဟင်စိုးမိုးနိုင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလိမ့်မည်”ဟု ဘိုးရင်းက တနင်္လာနေ့ ထုတ်ပြန်ချက်တွင် ဆိုသည်။ 

F-15EX တိုက်လေယာဉ်များသည် ယင်းအမျိုးအစား တိုက်လေယာဉ်များ၌ ခေတ်အမီဆုံး ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ယင်း လေယာဉ်များအား အသုံးပြုနေသည့်နိုင်ငံမှာ ဒါဇင်ဝက်ကျော်သာ ရှိသည်။ 

အင်ဒိုနီးရှားသည် လက်ရှိ၌ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များနှင့် အိုဟောင်းနေသော ရုရှလုပ် Sukhoi တိုက်လေယာဉ်များ ပိုင်ဆိုင်ထားသည်။ အင်ဒိုနီးရှားအနေဖြင့် ပြင်သစ်ထုတ် Rafale တိုက်လေယာဉ် ၄၂ စင်းအား ဝယ်ယူရေး အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ အရောင်းအဝယ်ကိုလည်း ပြီးခဲ့သည့်နှစ်က သဘောတူထားသည်။ 

နှစ်ဖက်စလုံးက တန်ဖိုးကို ထုတ်ဖော်မပြောသည့် ယခု နောက်ဆုံး F-15 တိုက်လေယာဉ်များ ဝယ်ယူခြင်းကို အမေရိကန်အစိုးရ၏ သဘောတူခွင့်ပြုချက် ယူရဦးမည် ဖြစ်သည်။ 

ယခု အရောင်းအဝယ်နှင့် ပတ်သက်ကာ စေ့စပ်ဆွေးနွေးရေးအတွက် ပင်တဂွန်အကြီးအကဲ လွိုက်အော်စတင်က နိုဝင်ဘာလအတွင်း ဂျကာတာသို့ လာရောက်လည်ပတ်ခဲ့သည်။ 

အင်ဒိုနီးရှားအနေဖြင့် အရောင်းအဝယ်ကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly