ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဩဂုတ် ၂၂ ရက်တွင် နိုင်ငံသို့ ပြန်လာမည်ဟု သမီးဖြစ်သူ ပြော

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဩဂုတ် ၂၂ ရက်တွင် နိုင်ငံသို့ ပြန်လာမည်ဟု သမီးဖြစ်သူ ပြော

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် လာမည့် ဩဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာမည် ဖြစ်ကြောင်း ၎င်း၏ သမီးဖြစ်သူက ပြောသည်။ အဆိုပါ နေ့သည် ထိုင်းနိုင်ငံ၏ လက်ရှိ နိုင်ငံရေး မဆုတ်သာ မတိုးသာ အခြေအနေကို ပြေလည်အဆုံးသတ်စေနိုင်သည့် အရေးကြီးသော ပါလီမန် မဲခွဲမှု ပြုလုပ်မည့် နေ့လည်း ဖြစ်သည်။

အသက် ၇၄ နှစ်ရှိ ဘီလျံနာ ဝန်ကြီးချုပ်ဟောင်းသည် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှု၌ ဖြုတ်ချခံခဲ့ရပြီး ပြည်ပတွင် ၁၅ နှစ်ကြာ သွားရောက်တိမ်းရှောင်နေထိုင်နေခဲ့သည်။

ထိုင်းနိုင်ငံသို့ ပြန်လာချင်သည်ဟု သက်ဆင်က ယခင်ကာလကြာကတည်းက ပြောထားသော်လည်း ၎င်းအနေဖြင့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်အများအပြားနှင့် ရင်ဆိုင်နေရသည်။ ထို စွဲချက်များက နိုင်ငံရေးပယောဂမကင်းဟု သက်ဆင်က ပြောသည်။

“ဩဂုတ် ၂၂ ရက် အင်္ဂါနေ့ မနက် ၉ နာရီကျရင် ကျွန်မအဖေကို ဒွန်မောင်းလေဆိပ်မှာ သွားကြိုပါမယ်” ဟု သက်ဆင်၏ သမီး ပေတုံတန် ရှင်နာဝါထရာက အင်စတာဂရမ်တွင် ရေးသည်။ ပေတုံတန်သည် လက်ရှိ ဖျူထိုင်းပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းများအနက် တစ်ဦး ဖြစ်သည်။

မေလ အထွေထွေရွေးကောက်ပွဲပြီးကတည်းက နိုင်ငံတွင် ဖြစ်ပေါ်နေသည့် သုံးလကြာ နိုင်ငံရေး မတိုးသာ မဆုတ်သာ အခြေအနေကို အဆုံးသတ်စေပြီး ဖျူထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်း ဆရက်သာ သာဗင်ဆင်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုမည်လား ဆိုသည်ကို ဆုံးဖြတ်မည့် ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်း ပါလီမန် မဲခွဲဆုံးဖြတ်မည့် နေ့နှင့် သက်ဆင် နိုင်ငံသို့ ပြန်လာမည့်နေ့က တိုက်ဆိုင်နေသည်။

ဖျူထိုင်းပါတီ ကိုယ်စားလှယ်လောင်း ဆရက်သာ အနေဖြင့် ဝန်ကြီးချုပ် ဖြစ်ရန် ရွေးကောက်ခံအမတ် ၅၀၀ ရှိသည့် အောက်လွှတ်တော်နှင့် ယခင်စစ်အုပ်စု၏ လက်ရွေးစင် အမတ် ၂၅၀ ရှိနေသည့် ဆိနိတ်တို့၏ ထောက်ခံမှု အများစုကို ရရန် လိုအပ်သည်။

တိုးတက်ဝါဒီ ရှေ့သို့ချီ (MFP) ပါတီသည် ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရသော်လည်း ယင်းပါတီ၏ ခေါင်းဆောင်ကို ဝန်ကြီးချုပ် ဖြစ်မလာစေရန် စစ်တပ်လွှမ်းမိုးသည့် ဆိနိတ်လွှတ်တော်က ပိတ်ပင်တားဆီးခဲ့သည်။

ယင်းနောက် ရွေးကောက်ပွဲတွင် ဒုတိယနေရာအများဆုံး အနိုင်ရသည့် ဖျူထိုင်းပါတီက ယခုအခါ အစိုးရဖွဲ့ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

သက်ဆင်နှင့် ဆက်နွယ်ပတ်သက်သည့် ပါတီများသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံရေးတွင် လွှမ်းမိုးခဲ့သော်လည်း ထိုပါတီများသည် စစ်အာဏာသိမ်းမှုများကြောင့် ဝန်ကြီးချုပ်နှစ်ဦးနှင့် တရားရုံးအမိန့်ချမှတ်မှုတစ်ခုကြောင့် အခြားတစ်ဦးတို့ကို ဆုံးရှုံးထားခဲ့ရသည်။

သက်ဆင်သည် ထိုင်း၏ စစ်တပ်လိုလားသော၊ ဘုရင်စနစ် ထောက်ခံသူ ဩဇာရှိ ရှေးရိုးဝါဒီတို့အတွက် စိုးရိမ်ထိတ်လန့်စရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ၎င်း နိုင်ငံသို့ ပြန်လာခြင်းက လက်ရှိ တင်းမာလျက် ရှိသော နိုင်ငံရေး အခြေအနေတစ်ရပ်အပေါ် မီးလောင်ရာ လေပင့်ဖြစ်စေနိုင်သည်။

မေလ ရွေးကောက်ပွဲ မတိုင်မီ ရက်များက သက်ဆင်က ၎င်း၏ မွေးနေ့မတိုင်မီ ထိုင်းသို့ ပြန်လာချင်ကြောင်း၊ ၎င်းသည် အသက်အရွယ်ရလာပြီ ဖြစ်သည့်အတွက် မြေးများနှင့်အတူ အချိန်ကုန်ဆုံးချင်ကြောင်း ဆိုရှယ်မီဒီယာမှ ပြောသည်။

၎င်းသည် ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပတွင် တိမ်းရှောင်နေထိုင်နေခဲ့ပြီး အများအားဖြင့် ဒူဘိုင်းတွင် နေထိုင်ခဲ့သည်။

သက်ဆင်သည် ပြည်ပတွင် ရှိနေစဉ်အတွင်း ပြစ်မှုဆိုင်ရာ အမှုလေးခုဖြင့် စီရင်ချက်ချခံခဲ့ရပြီး ယင်းတို့အနက် တစ်မှုသည် လက်ရှိတွင် ရာဇဝတ်မှုဆိုင်ရာ အချိန်ကန့်သတ်ချက် ဥပဒေကို ကျော်လွန်ထားခဲ့ပြီးဖြစ်သည်။

အခြား အမှုသုံးခုအတွက် ၎င်းစီရင်ချက်ချခံထားရသည့် ပြစ်ဒဏ် စုစုပေါင်းသည် ၁၀ နှစ်ဖြစ်ပြီး အခြားအမှုတစ်ခုတွင်လည်း စုံစမ်းစစ်ဆေးခံနေရဆဲဖြစ်သည်။ မိမိအနေဖြင့် တရားဥပဒေနှင့် ရင်ဆိုင်ရန် အသင့်ရှိသည်ဟု သက်ဆင်က မေလ သတင်းစကားပေးမှုတွင် ပြောသည်။

၎င်းကို စွဲဆိုထားသည့် အမှုများသည် နိုင်ငံရေးအရ အရင်းခံသည်ဟု သက်ဆင်က ပြောသည်။

သက်ဆင်အနေဖြင့် နိုင်ငံသို့ ရောက်ရှိပါက နိုင်ငံတော် တရားရုံးချုပ်သို့ ခေါ်ဆောင်ခံရဖွယ် ရှိပြီး ယင်းနောက် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း မခံရမီ အထူးထိန်းသိမ်းရေးစင်တာတစ်ခုသို့ ပို့ဆောင်ခံရဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly