ဆင်းရဲမှုနှင့် မညီမျှမှုကို ကိုင်တွယ်မည်ဟု ထိုင်းဝန်ကြီးချုပ်လောင်းပြော 

ဆင်းရဲမှုနှင့် မညီမျှမှုကို ကိုင်တွယ်မည်ဟု ထိုင်းဝန်ကြီးချုပ်လောင်းပြော 

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာရန် ရှိသော ချမ်းသာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီးက ဆင်းရဲမှုနှင့် မညီမျှမှုကို ကိုင်တွယ်ဖြေရှင်းလိုကြောင်း သောကြာနေ့တွင် ပြောသည်။ 

လာမည့် သီတင်းပတ်၌ ဝန်ကြီးချုပ်အဖြစ် အတည်ပြု မဲမပေးခင် အကျင့်ပျက်ခြစားမှုနှင့် စွပ်စွဲခံရခြင်းကို ငြင်းပယ်ရာ၌ ဆာရတ်ထာ ထဝီဆင်းက ပြောခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ်အဖြစ် ဆာရတ်ထာ ထဝီဆင်းကို အတည်ပြုမပြု လွှတ်တော်က အင်္ဂါနေ့တွင် စည်းဝေးမည်ဖြစ်ပြီး မေလအထွေထွေရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး သောင်မတင်ရေမကျ ဖြစ်နေမှု အဆုံးသတ်နိုင်ဖွယ် ရှိသည်။ 

အသက် ၆၀ အရွယ် ဆာရတ်ထာ ထဝီဆင်း၏ ဖျူထိုင်းပါတီသည် မဲအများဆုံး အနိုင်ရသော ရှေ့သို့ချီပါတီမှ ခေါင်းဆောင်အား စစ်တပ်လိုလားသည့် အုပ်စုက ဝန်ကြီးချုပ်အဖြစ်မှ ငြင်းဆန်လိုက်သည့်နောက်တွင် ပါတီစုံပါဝင်သော ညွှန့်ပေါင်းပါတီကို ဦးဆောင်ထားသည်။ 

“ကျွန်တော်ရဲ့ ရန်သူဟာ ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှုဘဲ ဖြစ်တယ်ဆိုတာ ကျွန်တော် ထပ်လောင်း ပြောလိုပါတယ်၊ ကျွန်တော်ရဲ့ ရည်မှန်းချက်က ထိုင်းပြည်သူ တဦးချင်းစီရဲ့ ဘဝတွေ ပိုမို ကောင်းမွန်ဖို့ပါပဲ”ဟု ဖေ့ဘုတ်ပေါ် ဗီဒီယိုပို့စ်၌ ဆာရတ်ထာ ထဝီဆင်းက ပြောသည်။ 

ထိုင်းအိမ်ခြံမြေလုပ်ငန်းကြီး Sansiri ၏ အကြီးအကဲဟောင်း ဖြစ်သူ ဆာရတ်ထာသည် ထင်ရှားသည့် အနှိပ်ခန်း လုပ်ငန်းရှင်ကြီးမှ ဖော်ကောင်လုပ်လာသော ချူဝတ် ကမ်မိုဝီဆစ်၏ မကြာသေးသော သီတင်းပတ်က လာဘ်စားမှုဖြင့် စွပ်စွဲလာခြင်းများကိုလည်း မမှန်ကန်သည့် စွပ်စွဲချက်များ ဖြစ်သည်ဟု ငြင်းဆန်သည်။ 

“ကျွန်တော်တို့ဟာ ကိုယ့်အလုပ်မှာ ပွင့်လင်းမြင်သာမှု ရှိတယ်၊ အခုလည်း အများပြည်သူကို ကျွန်တော် အပြစ်ကင်းကြောင်း ပြောပြတာ ဖြစ်တယ်၊ ကျွန်တော်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့အညီပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“ချူဝတ် ကျွန်တော်အပေါ် စွပ်စွဲချက်တွေ အားလုံးကို ကျွန်တော် ငြင်းပါတယ်”ဟု ဆိုသည်။ 

ထိုင်း စတော့အိတ်ချိန်းတွင် မှတ်ပုံတင်ထားသော Sansiri မှ မြေယာဝယ်ယူမှုနှစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ချူဝတ်က ရဲအား တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ်အဖြစ် အတည်ပြုမဲပေးမှုကို အင်္ဂါနေ့တွင် ဒေသစံတော်ချိန် ၃ နာရီထက် နောက်မကျစေဘဲ ပြုလုပ်မည်ဖြစ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ဝန်မူဟာမတ်နောမတ်သာက ပြောသည်။ 

ဝန်ကြီးချုပ်ဖြစ်ရန်အတွက် ဆာရတ်ထာအနေဖြင့် အောက်လွှတ်တော် ရွေးကောက်ခံအမတ် ၅၀၀ နှင့် ဆီးနိတ်လွှတ်တော်မှ ယခင် စစ်အုပ်ချုပ်ရေးက ခန့်အပ်သော အမတ် ၂၅၀ မှ အများစု ထောက်ခံရန် လိုအပ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly