ကြံခင်းနှင့်မြန်အောင်မြို့နယ် တောအုပ်များအတွင်းသို့ စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်

By မင်းထက် (မဇ္ဈိမ)
19 August 2023
ကြံခင်းနှင့်မြန်အောင်မြို့နယ် တောအုပ်များအတွင်းသို့ စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်

ဧရာဝတီတိုင်း၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်များရှိ တောအုပ်များအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များက လက်နက် ကြီးများဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

ထိုသို့ ဦးတည်ရာမဲ့ပစ်ခတ်မှုများကို ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

"လက်နက်ကြီးသံတွေ ၊လက်နက်ငယ်တွေနဲ့ ရမ်းပစ်တဲ့အသံတွေ ခဏခဏကြားနေရတယ်။ ညဘက်တွေဆို ပိုကြားရတယ်။"ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု ခုံကြီးချောင်း၊ ကြို့ပင်စုကျေးရွာအုပ်စု ဖားတချဥ်းချောင်း၊ ပိုးစုကြီးကျေးရွာအုပ်စု ပန်းတော့ချောင်း၊ သစ်ဆိမ့်ကိုင်းအုပ်စု ကွန်ချောင်းဆည်တို့တွင် အထိုင်ချတပ်စွဲထားသည်ဟု သိရသည်။

ယင်းပြင် မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာ၊ မဲဇလီစမ်းကျေးရွာ၊မြန်အောင်နှင့် အင်္ဂပူမြို့နယ်ကြားရှိ ဘန့်ဘွေးကုန်းနှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ကညင်ဆည်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟု ဒေသခံကပြောသည်။

"ကြံခင်းအပိုင်ထဲက ကြို့ပင်စုနဲ့ မြန်အောင်နဲ့ အင်္ဂပူကြားက ဘန့်ဘွေးကုန်းကနေ လက်နက်ကြီးနဲ့ တောထဲကိုထုနေတယ်လို့ လောလောဆယ်သိရတယ်။ တောထဲကို ဝင်လို့မရတော့ဘူးဆိုတော့ ဘာကိုလှမ်းပစ်နေလဲ မသိရဘူး"ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ ဦးတည်ရာမဲ့ ပစ်ခတ်နေမှုများကြောင့် တောင်ခြေကျေးရွာများတွင်နေထိုင်သည့် ဒေသခံအချို့ ဘေးလွတ်ရာသို့ရှောင်တိမ်းနေရသည်ဟု ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာများအတွင်းသို့ မကြာခဏဝင်ရောက်ကာ ဒေသခံများအားဖမ်းဆီးခြင်း ရိက္ခာတောင်းယူခြင်းများကို ပြုလုပ်နေသည့်အတွက် စိုးရိမ်မှုများရှိနေသည်ဟုလည်း ဆိုသည်။

ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများ မတရားဖမ်းဆီးမှုများနှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်း တစုံတရာ မတွေ့ရှိရသေးပေ။

စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကြံခင်းမြို့နယ်အတွင်းရှိ PDF စခန်းတခုနှင့် လက်နက်ခဲယမ်းများအား စစ်တပ်မှ သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားထားမှုများရှိခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် မြန်အောင်မြို့နယ် ၊မျှင်ဝါးတောင် ကျေးရွာအုပ်စုရှိ မမြဆည်ရေလှောင်တမံ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်မှ အရာရှိတဦးက စစ်ကောင်စီတပ်ဖွဲ့များအား အမိန့်ပေးနေသည်ဟုသိရပြီး တောအုပ်များအတွင်းသို့ စစ်ကြောင်းထိုးမှုများ မကြာခဏပြုလုပ်နေသည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly