အာဆီယံ၏အကူအညီဖြင့် မြန်မာစစ်တပ်က စစ်ရေးလေ့ကျင့်မှုများရရှိနေပြီး NUG၊ PDF တို့ကို တိုက်ရာတွင် အကျိုးရှိဟု စစ်တပ်သတင်းစာ ရေးသား

အာဆီယံ၏အကူအညီဖြင့် မြန်မာစစ်တပ်က စစ်ရေးလေ့ကျင့်မှုများရရှိနေပြီး NUG၊ PDF တို့ကို တိုက်ရာတွင် အကျိုးရှိဟု စစ်တပ်သတင်းစာ ရေးသား

 သြဂုတ်လဆန်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများနှင့် ရုရှား၊ တရုတ်၊ အိန္ဒိယတို့ ပါဝင်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ခုခံတော်လှန်နေသူများကို တန်ပြန်တိုက်ခိုက်ရေးအတွက် အကျိုးရှိကြောင်း စစ်ကောင်စီ၏ အာဘော် မြန်မာ့အလင်းသတင်းစာက သြဂုတ် ၁၆ တွင် ရေးသားဖော်ပြထားသည်။

အာဏာသိမ်း မြန်မာစစ်တပ်နှင့် ရုရှားတို့ ဦးဆောင်ပြီး သြဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါ လေ့ကျင့်ခန်းကို စင်ကာပူမှလွဲပြီး ကျန်အာဆီယံနိုင်ငံများအားလုံး တက်ရောက်ခဲ့သည်။

လတ်တလော နိုင်ငံရေး အခြေအနေတွေအရ NUG၊ PDF တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ပူးပေါင်းဆောင်ရွက်ခွင့်ရခဲ့တာက စစ်ကောင်စီအတွက် အတွေ့အကြုံကောင်းတွေရရှိခဲ့ကြောင်း ရေးသားထားတာဖြစ်ပါတယ်။

အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲ (ADMM-Plus) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ထိုဆွေးနွေးပွဲသည် လာမည့်လအတွင်း ရုရှားတွင် ပြုလုပ်မည့် မြေပြင်စစ်ရေးလေ့ကျင့်ခန်းမတိုင်မီ အကြိုဆွေးနွေးပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။

ထို့အတူ အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စုမဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပြီး စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊မြန်မာနှင့်စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက်အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိသည်ဟု ဆိုသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်သည်ဟုလည်း သြဂုတ် ၁၅ ရက်က ရုရှားနိုင်ငံ၊မော်စကိုမြို့ရှိ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံတွင်ပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ သို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကVideo Message ဖြင့် ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ရုရှားနှင့်အတူ ADMM-Plus ၏ ပူးတွဲသဘာပတိအဖြစ် ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ယူထားသည်။ 

မြန်မာစစ်တပ်နှင့် ရုရှားတို့ ဦးဆောင်ပြီး ပြီးခဲ့သည့်နှစ်အတွင်းက ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆွေးနွေးပွဲများကို ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ဆန့်ကျင်သပိတ်မှောက်ခဲ့သည်။

မြန်မာနှင့် ရုရှားတို့ ဦးဆောင်ပြီး စက်တင်ဘာလအတွင်း ရုရှားနိုင်ငံမှာကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်ခြင်းကို ချက်ချင်းဖျက်သိမ်းပေးရန် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ကို မြန်မာ့လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar (JFM) က တောင်းဆိုထားသည်။

အာဆီယံ၏အကူအညီဖြင့် မြန်မာစစ်တပ်ဟာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခွင့် ရနေတာဖြစ်ပြီး အာဆီယံသည် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေးကို ပံ့ပိုးကူညီရမည့် တာဝန်ပျက်ကွက်နေရုံတင်မကဘဲ စစ်ကောင်စီကျူးလွန်နေသည့် စစ်ရာဝတ်မှုများကို တက်တက်ကြွကြွ ကူညီနေတယ်လို့လည်း ထောက်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly