ဖိလစ်ပိုင်တွင် လူကုန်ကူးခံရသူ ၂၁ ဦးအား ကယ်တင် 

By GMA News 
15 August 2023
ဖိလစ်ပိုင်တွင် လူကုန်ကူးခံရသူ ၂၁ ဦးအား ကယ်တင် 

ဖိလစ်ပိုင်နိုင်ငံ တာဝီတာဝီကျွန်းပြည်နယ် ဘွန်ဂါအိုအရပ်တွင် လူကုန်ကူးခံရသည်ဟု သံသယရှိသူ ၂၁ ဦးအား ကယ်တင်ခဲ့ရကြောင်း အနောက်ပိုင်း မန်ဒါနာအို ရေတပ်တပ်ဖွဲ့ (NFWM) အရ သိရသည်။ 

အဆိုပါ လူများအနက် ၁၃ ဦးသည် ခရီးသွားလာမှုနှင့် အလုပ်လုပ်ကိုင်ခွင့် မှတ်တမ်းမှတ်ရာ တစုံတရာ မရှိဘဲ စက်လှေဖြင့် မလေးရှားသို့ သွားရောက်မည့်သူများ ဖြစ်သည်ဟု NFWM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“ပြောရရင် အဲဒီလူတွေကို မလေးရှားမှာ အလုပ်ရမယ်ဆိုပြီး ဖြားယောင်းခဲ့တာ ဖြစ်တယ်၊ မလေးရှား ရောက်တာနဲ့ အလုပ်ချက်ချင်းရမယ်ဆိုပြီး မျှော်လင့်ချက်ကြောင့် ဖြစ်တယ်”ဟု NFWM က ဆိုသည်။ 

“သူတို့ ရောက်တဲ့အခါမှာ မလေးရှားမှာ စောင့်နေတဲ့ ဝင်ဒါလို့ သိရတဲ့ လူက လာခေါ်မှာ ဖြစ်တယ်”ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

ယခု ကယ်တင်ခဲ့သော ၂၁ ဦးတွင် ရှစ်ဦးမှာ ဇမ်ဘွန်ဂါမြို့မှ ဆစ်စတန်ကိုင်းသို့ ခရီးသည်တင်ရေယာဉ်ဖြင့် လိုက်ပါလာခြင်း ဖြစ်ကာ ဘွန်ဂါအိုဆိပ်ကမ်းတွင် ကမ်းကပ်လာကြခြင်း ဖြစ်သည်။ 

“ဒီ ရှစ်ဦးဟာလည်း မလေးရှားဆီ သွားရောက်ကြမှာ ဖြစ်တယ်၊ သူတို့ကို မလေးရှားက ဒေသခံ ပတ်ရှ်အက်ဆီနဲ့ ရိုဆာလင်ဒါဆိုနာတို့က လာခေါ်မှာဆိုတာ သိရတယ်”ဟု NFWM က ပြောသည်။ 

အဆိုပါ ကယ်တင်ခဲ့သူများကို မှတ်တမ်းမှတ်ရာ ယူပြီး ဆက်လက်အရေးယူဆောင်ရွက်ရေးအတွက် လူမှုဝန်ဆောင်မှုနှင့် ဖွံ့ဖြိုးမှု ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly