ထိုင်းဘုရင့် သားများ၏ ၂၇ နှစ်အတွင်း ပထမဆုံး ပြည်တော်ပြန် အလည်ခရီး အဆုံးသတ်

ထိုင်းဘုရင့် သားများ၏ ၂၇ နှစ်အတွင်း ပထမဆုံး ပြည်တော်ပြန် အလည်ခရီး အဆုံးသတ်

ထိုင်းဘုရင် မဟာ ဝီဇယလောင်ကွန်း၏ သားနှစ်ဦးသည် ၂၇ နှစ်ကြာပြီးနောက် မွေးရပ်ဇာတိ ထိုင်းနိုင်ငံသို့ ပထမဆုံး ပြန်လာသည့် ၎င်းတို့၏ လည်ပတ်မှုခရီးစဉ်ကို ဩဂုတ် ၁၄ ရက်တွင် အဆုံးသတ်ခဲ့သည်။

ထိုင်းနိုင်ငံသို့ ၎င်းတို့ အံ့အားသင့်ဖွယ် ရောက်ရှိမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ တော်ဝင်နန်းတော်ထံမှ မှတ်ချက်ပြုခြင်း မရှိသေးပေ။

ထိုင်းဘုရင်၏ ကွဲကွာနေသော သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်ရှိ ဗတ်ချာရေဆွန် ဗစ်ဗတ်ချရာဝေါင်သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းသို့ ရောက်ရှိပြီး ကလေး ပြုစုစောင့်ရှောက်ရေး စင်တာတစ်ခုသို့ သွားရောက်ခဲ့သလို ဘန်ကောက် ဘုရားကျောင်းတစ်ခုရှိ ဘာသာရေးပွဲအခမ်းအနားများ၌ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ၌ ပြည်တွင်းမီဒီယာတွင် ဖော်ပြသည့် ဓာတ်ပုံများအရ ၎င်း၏ ညီဖြစ်သည့် ချာကရစ်ဝတ်သည်လည်း ထိုင်းတွင် ရောက်ရှိနေသည်ကို တွေ့ရပြီး ၎င်းတို့နှစ်ဦးသည် ဆေးရုံတစ်ရုံသို့ သွားရောက်ခဲ့သလို ၎င်းတို့၏ ဘိုးဘေးများကိုလည်း သွားရောက်ဂါရဝပြုခဲ့ကြသည်။

ထိုင်းဘုရင်၏ အကြီးဆုံး သမီးဖြစ်သူ ဒီဇင်ဘာလကတည်းက ကိုမာဝင် မေ့မြောနေခြင်းနှင့်အတူ လက်ရှိ တော်ဝင်မိသားစုအတွက် ဗျာများလျက်ရှိသည့်အချိန်တွင် ၎င်းတို့၏ ထိုင်းနိုင်ငံသို့ ပြန်လာမှုခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ဒီသီတင်းပတ်က ကုန်တာ တကယ် မြန်တယ်။ ထိုင်းမှာ ကျွန်တော်တို့ လုပ်ချင်တာနဲ့ ကြည့်ချင်တာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် အချိန်အများကြီး မရဘူးလေ” ဟု ဗတ်ချာရေဆွန်က ဩဂုတ် ၁၄ ရက်တွင် သုဝဏ္ဏဘူမိ လေဆိပ်မှ မထွက်ခွာခင် သတင်းထောက်များကို ပြောသည်။

“ကျွန်တော်တို့ဟာ ဒီမှာ တွေ့ခဲ့တဲ့သူတိုင်းဆီကနေ နွေးထွေးမှုနဲ့ မေတ္တာတွေ ရခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ဗတ်ချာရေဆွန်နှင့် ချာကရစ်ဝတ် တို့သည် ထိုင်းဘုရင် ဝီဇယလောင်ကွန်းနှင့် ဒုတိယမြောက် ဇနီး မင်းသမီးဟောင်း ဆူဂျာရာနီး ဗစ်ဗာချာရာဝေါင် တို့၏ သားလေးဦးအနက် ဒုတိယမြောက်နှင့် တတိယမြောက် သားများ ဖြစ်ကြသည်။ ထိုင်းဘုရင် ဝီဇယလောင်ကွန်းသည် အိမ်ရှေ့စံ မင်းသား ဖြစ်ချိန် ၁၉၉၆ ခုနှစ်က ဒုတိယမြောက် ဇနီး ဆူဂျာရာနီးကို ကွာရှင်းခဲ့ခြင်း ဖြစ်သည်။

မိခင်ဖြစ်သူ ဆူဂျာရာနီး အိမ်ထောင်ရေးဖောက်ပြန်သည်ဟု စွပ်စွဲခံရပြီး ၁၉၉၆ ခုနှစ်တွင် ကွာရှင်းခံရပြီးနောက် ဗတ်ချာရေဆွန်၊ ၎င်း၏ မိခင်၊ ညီအကို သုံးဦးနှင့် ညီမ တစ်ဦးတို့သည် လက်ရှိ ထိုင်းဘုရင် ဝီဇယလောင်ကွန်းနှင့် ကွဲကွာကာ ခပ်ခွာခွာဖြစ်သွားခဲ့ကြပြီး ၎င်းတို့သည် ပြည်ပသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly