အင်ဒိုနီးရှားတွင် အိမ်အကူနှင့် တက်ကြွလှုပ်ရှားသူများ အစာငတ်ခံ ဆန္ဒပြမှု စတင်

အင်ဒိုနီးရှားတွင် အိမ်အကူနှင့် တက်ကြွလှုပ်ရှားသူများ အစာငတ်ခံ ဆန္ဒပြမှု စတင်

အင်ဒိုနီးရှားတွင် အိမ်အကူများအား အကာအကွယ်ပေးသည့် ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ နှောင့်နှေးနေမှုကို ဆန့်ကျင်ပြီး အိမ်အကူများနှင့် တက်ကြွလှုပ်ရှားသူများက အစာငတ်ခံ ဆန္ဒပြမှုကို တနင်္လာနေ့တွင် စတင်သည်။

မိုးသောက်မှ နေဝင်အထိ အစာငတ်ခံ ဆန္ဒပြခြင်းကို မြို့တော် ဂျကာတာနှင့် အခြားမြို့များတွင် တပြိုင်တည်း လုပ်ဆောင်ကြခြင်း ဖြစ်ပြီး ဥပဒေကြမ်းအား အတည်မပြုမချင်း နေ့စဉ် အစာငတ်ခံ ဆန္ဒပြသွားမည်ဟု အိမ်အကူများဆိုင်ရာ အမျိုးသား အကျိုးဆောင်ကွန်ရက်မှ လီတာအန်ဂရိုင်နီက ပြောသည်။

“အစိုးရဆီက အကာအကွယ်ပေးတာ မရရှိကြတဲ့ နိုင်ငံတွင်းက အိမ်အကူတွေရဲ့ အခြေအနေပေါ် အခု အစာငတ်ခံ ဆန္ဒပြမှုက ရောင်ပြန်ဟပ်တာပဲ”ဟု အန်ဂရိုင်နီက ဆိုသည်။ “အိမ်အကူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေကြမ်းကို ဥပဒေအဖြစ် ချက်ချင်း အတည်ပြုဖို့ ကျွန်တော်တို့ လွှတ်တော်အမတ်တွေကို တောင်းဆိုတယ်၊ ရက်ကြာလေလေ အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှု ကြုံရမယ့် အိမ်အကူတွေ များလေလေပဲ ဖြစ်လိမ့်မယ်”ဟု ၎င်းက ပြောသည်။

ဂျကာတာတွင် အိမ်အကူများမဟာမိတ်အဖွဲ့မှ အစာငတ်ခံဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူ ၄၀ ခန့်သည် လွှတ်တော်ဝင်းခြံ၏ ရှေ့၌ တဲထိုးကာ နေထိုင်လျက် ရှိသည်။ အင်ဒိုနီးရှားတွင် အိမ်အကူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကိုယ်စားပြုခြင်းအဖြစ် ၎င်းတို့က နာရီများ၊ ကလေးချိုလိမ်များ၊ လက်သုပ်ပဝါများနှင့် အခြား သန့်ရှင်းရေးပစ္စည်းပစ္စယများကို ကိုင်ဆောင်ထားကြသည်။

ခွဲခြားဆက်ဆံမှုများ၊ နိုင်ထက်စီးနင်း ပြုကျင့်ခြင်းများနှင့် အရှက်တကွဲ ဖြစ်ရခြင်းများ စသည့် ပြဿနများကို ဖြေရှင်းရေးအတွက် အိမ်အကူများအား အကာအကွယ်ပေးရေး ဥပဒေကြမ်းကို လွှတ်တော်အမတ်များက ၂၀၀၄ ခုနှစ်အတွင်း အဆိုပြုလာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ပြင်ဆင်မွမ်းမံမှုများ ရှိကာ သုံးကြိမ်တိုင် ဦးစားပေး စာရင်းမှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ တွင် ဥပဒေပြုအဖွဲ့က မျက်နှာစုံညီ အစည်းအဝေး၌ ယင်း ဥပဒေကြမ်းအား အတည်ပြုရန် သဘောတူခဲ့ကြသော်လည်း လွှတ်တော်အကြီးအကဲက “စီမံခန့်ခွဲမှု အကြောင်းရင်းများ” ကို ကိုးကားပြီး အတည်ပြုရေးကို ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ၌ သမ္မတ ဂျိုကို ဝီဒိုဒိုက ဥပဒေကြမ်းအား အတည်ပြုနိုင်ရေး အရှိန်မြှင့် လုပ်ဆောင်ရန် လွှတ်တော်အမတ်များအား တိုက်တွန်းခဲ့သည်။ သမ္မတအနေဖြင့် နိုင်ငံ၏ အိမ်အကူ ၄ ဒသမ ၂ သန်းအတွက် ပို၍ အကာအကွယ်များ ပေးမည်ဟု ကတိကဝတ် ပြုထားခြင်းလည်း ဖြစ်သည်။

“မကြာမီ ဥပဒေပြုနိုင်ပြီး အိမ်အကူတွေ၊ အလုပ်သမားတွေနဲ့ အလုပ်အကိုင် အေဂျင်စီတွေကို ပိုပြီး အကာအကွယ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ဝီဒိုဒိုက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အိမ်အကူပေါင်း ၄ ဒသမ ၂ သန်းခန့်ရှိကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းနှင့် အင်ဒိုနီးရှားတက္ကသိုလ်တို့၏ ၂၀၁၅ ခုနှစ်အတွင်းက စစ်တမ်းအရ သိရသည်။ ယင်းသည် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ပြီး အင်ဒိုနီးရှားနောက်၌ အိန္ဒိယက အိမ်အကူ ၃ ဒသမ ၈ သန်းနှင့် ဖိလစ်ပိုင်က ၂ ဒသမ ၆ သန်း ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly