ဂီတအပေါ် အာရုံစိုက်ရန် “X Factor” သီချင်းဆိုပြိုင်ပွဲ ဒိုင်လူကြီးအဖြစ်မှ နုတ်ထွက် မည်ဟု ချယ်ရီကိုးလ် ပြောကြား

ဂီတအပေါ် အာရုံစိုက်ရန် “X Factor” သီချင်းဆိုပြိုင်ပွဲ ဒိုင်လူကြီးအဖြစ်မှ နုတ်ထွက် မည်ဟု ချယ်ရီကိုးလ် ပြောကြား

နာမည်ကျော်အဆိုတော် ချယ်ရီကိုးလ်သည် တေးဂီတအပေါ် အာရုံစိုက် လုပ်ဆောင်ရန် “X Factor” သီချင်းဆိုပြိုင်ပွဲမှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ရုပ်မြင်သံကြား အစီစဉ်တင်ဆက်သူ နစ်ခ်ဂရင်ရှောက လာမည့် ”X Factor” သီချင်းဆိုပြိုင်ပွဲ အစီစဉ်တွင် ပါဝင်တော့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီးနောက် နှစ်လအကြာတွင် ချယ်ရီ နှုတ်ထွက်တော့မည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

“သီချင်းတွေ ဖန်တီးတာတွေကို ကျွန်မ သတိရနေမှာပါ။ “X Factor”  မှာ ဒိုင်အဖြစ် ဆောင်ရွက်ရတာ အံ့အားသင့်ဖွယ် အတွေ့အကြုံတွေ ရရှိပါတယ်။ ကျွန်မ ဂီတနဲ့ပတ်သက်လို့ အများ ကြီး သင်ယူခဲ့ရတယ်။ အရည်ချင်းရှိတဲ့သူတွေကို ပြုစုပျိုးထောင်ခွင့်ရတဲ့အတွက် အရမ်း ပျော်ရွှင်မိပါ တယ်” ဟု ချယ်ရီကိုးလ်က ပြောကြားခဲ့သည်။

“ကျွန်မနဲ့အတူ အလုပ်လုပ်ခဲ့တဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဆိုင်မွန် ကိုဝဲလ်ကိုပေါ့။ ဒီပြိုင်ပွဲက ဂီတကြယ်ပွင့်တွေကို ဆက်လက် မွေးထုတ်ပေးသွားမယ်လို့ ကျွန်မ မျှော်လင့်တယ်။ အားလုံးကံကောင်းပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်” ဟု ချယ်ရီက ပြောကြား ခဲ့သည်။ ချယ်ရီကိုးလ်က ယခုနှစ်နှောင်းပိုင်းတွင် တေးအယ်လ်ဘမ်သစ် ထွက်ရှိရေးအတွက် စတင် လုပ်ဆောင်လျက် ရှိကြောင်းလည်း ပြောကြားခဲ့သည်။

“ချယ်ရီ တေးဂီတကို အာရုံစိုက်လုပ်ချင်တယ်ဆိုတဲ့ ပြောကြားချက်အပေါ် ကျွန်တော် လုံးဝ နားလည်ပါတယ်။ သူမဟာ သီချင်းဆိုပြိုင်ပွဲမှာ အံ့သြမှုတွေ လုပ်ဆောင်ပေးတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ တစ်ခြားအကြောင်းအရာတွေနဲ့ ကျွန်တော်တို့ အလုပ်အတူတူ လုပ်သွားဦးမှာပါ” ဟု “X Factor” အကြီးအကဲ ဆိုင်မွန်ကိုဝဲလ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly