လွှတ်တော်အသီးသီး အစည်းအဝေးများရပ်နား မေ ၂ ရက်တွင် ပြည်သူ ့လွှတ်တော် ပြန်စမည်

လွှတ်တော်အသီးသီး အစည်းအဝေးများရပ်နား မေ ၂ ရက်တွင် ပြည်သူ ့လွှတ်တော် ပြန်စမည်

နေပြည်တော်၊ ဧပြီ ၆ ။    ။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် နှင့် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ဧပြီလ ၆ ရက်က စတင်ရပ်နားကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ကြေညာခဲ့သည်။

အစိုးရသစ်လက်ထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်အများစု တက်ရောက်ခွင့်ရရှိထားသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင်လည်းကောင်း အမျိုးသားလွှတ်တော် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၃  ရက်တွင်လည်းကောင်း စတင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးများကို မေလ ၂ ရက်နေ့တွင် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များသို့အသိပေးထားပြီးဖြစ်သော်လည်း အမျိုးသားလွှတ်တော်အစည်းအဝေး   ပြန်လည် စတင်မည့်နေ့ကိုမူ ကြေညာခြင်းမရှိခဲ့ကာ အစည်းအဝေး ပြန်လည်စတင်မည့်ရက်ကို ကြိုတင်အကြောင်းကြားပေးမည်ဟု အမျိုးသားလွှတ်တော် ဥက္ကဌ ကကြေညာခဲ့သည်။

လွှတ်တော်အသီသီး၏ အစည်းအဝေးများကို မြန်မာရိုးရာသြင်္ကန်ရုံးပိတ်ရက် နှင့်အတူ ခေတ္တရပ်နားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၁၈ ရက်ကြာကျင်းပခဲ့ကာ ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းအတည်ပြုခြင်း နှင့် လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲမှုမရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား အတိုင်ပင်ခံခန့်အပ်မည့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို အတည်ပြုပေးခဲ့သည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးကို ၁၈ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးကို ၁၆ ရက်ကြာကျင်းနိုင်ခဲ့ပြီး လွှတ်တော်များ၏ သက်ဆိုင်ရာ ကော်မတီ ၊ ကော်မရှင်များကို ဖွဲ ့စည်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly