အငြင်းပွားပင်လယ်ပြင်တွင် သင်္ဘောများ ဟန့်တားခံရမှုအတွက် တရုတ်သံအမတ်ကို ဖိလစ်ပိုင် ဆင့်ခေါ် ကန့်ကွက်

အငြင်းပွားပင်လယ်ပြင်တွင် သင်္ဘောများ ဟန့်တားခံရမှုအတွက် တရုတ်သံအမတ်ကို ဖိလစ်ပိုင် ဆင့်ခေါ် ကန့်ကွက်
Photo - AFP

အငြင်းပွားတောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောက ဖိလစ်ပိုင်သင်္ဘောများကို ပိတ်ဆို့ဟန့်တားပြီး မီးသတ်ပိုက်များဖြင့် ပက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီးနောက် ဩဂုတ် ၇ ရက်တွင် တရုတ်သံအမတ်ကို ဖိလစ်ပိုင်အာဏာပိုင်တို့ဘက်က ဆင့်ခေါ်ကန့်ကွက်ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က ပြောသည်။

ဩဂုတ် ၅ ရက်က အငြင်းပွား စပရက်တလေ ကျွန်းစုရှိ Second Thomas Shoal ကျွန်းတွင် တပ်ချထားသည့် ဖိလစ်ပိုင်စစ်တပ် တပ်ဖွဲ့ဝင်များအတွက် စားနပ်ရိက္ခာ၊ ရေ၊ လောင်စာနှင့် အခြားအထောက်အပံ့ပစ္စည်းများ သယ်ဆောင်ပေးပို့သည့် သင်္ဘောများကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က လိုက်ပါစောင့်ကြပ်စဉ် ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် နှစ်စဉ် ဒေါ်လာ ထရီလီယံချီ ကုန်သွယ်မှုတို့ ဖြတ်သန်းနေသည့် တောင်တရုတ်ပင်လယ်၏ နယ်မြေနေရာအားလုံးနီးပါးကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသလို ထို ပြောဆိုချက်က ဥပဒေဆိုင်ရာ အခြေခံအကြောင်းရင်း မရှိဟု ဆုံးဖြတ်ခဲ့သည့် ၂၀၁၆ နိုင်ငံတကာတရားရုံး၏ ဆုံးဖြတ်ချက်ကိုလည်း လျစ်လျူရှုထားသည်။

ထောက်ပို့ မစ်ရှင်သွားသည့် ဖိလစ်ပိုင်သင်္ဘောများကို ဟန့်တားခြင်း၊ မီးသတ်ပိုက်ဖြင့် ထိုးခြင်းအားဖြင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့က စွပ်စွဲသည်။ တရုတ်၏ လုပ်ရပ်ကြောင့် ဖိလစ်ပိုင်ထောက်ပို့ရေယာဉ်တစ်စင်း ကျွန်းသို့ မရောက်ရှိစေရန် ဟန့်တားခံခဲ့ရသည်ဟုလည်း သိရသည်။

အခြား သင်္ဘောတစ်စင်းမှာ အောင်မြင်စွာ ရောက်ရှိသွားပြီး ယင်း၏ ပစ္စည်းများကို ချနိုင်ခဲ့သည်ဟု သိရသည်။

မိမိတို့ ရေပြင်ထဲ တရားမဝင် ဝင်လာသည့် ဖိလစ်ပိုင်သင်္ဘောများအပေါ် လိုအပ်သလို ဟန့်တားထိန်းချုပ်မှု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်က ပြောသည်။

“မိမိတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက တရုတ်သံအမတ် ဟွမ်ကို ယနေ့မှာပဲ ဆင့်ခေါ်ခဲ့ပါတယ်။ ပြီးတော့ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အပါအဝင် သူ့ကို မိမိတို့ဘက်က သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။ သူတို့ဘက်က ပြန်ကြားချက်ကို မိမိတို့ စောင့်နေပါတယ်” ဟု ဖိလစ်ပိုင်သမ္မတက သတင်းထောက်များကို ပြောသည်။

“တရုတ်ဘက်က ရပ်တည်ချက်အရတော့ အဲဒီနယ်မြေက သူတို့ပိုင်ဖြစ်လို့ ခုခံကာကွယ်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ဘက်က ပြောရမယ်ဆိုရင် အဲဒါက သူတို့ရဲ့ နယ်မြေဆိုတာက မမှန်ပါဘူး။ အဲဒီနယ်မြေက ကျွန်တော်တို့ ပိုင်တာဖြစ်တယ်။ ဒါကြောင့် အဲဒါကို ခုခံကာကွယ်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

တရုတ်၏ လုပ်ရပ်များအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဩဂုတ် ၆ ရက်က ပြစ်တင်ဝေဖန်သည်။ ထိုလုပ်ရပ်ကို တရုတ်ကမ်းခြေစောင့်တပ်နှင့် “ပင်လယ်ရေကြောင်း ပြည်သူ့စစ်” အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တရုတ်၏ လုပ်ရပ်များက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို တိုက်ရိုက်ခြိမ်းခြောက်ရာ ရောက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထို့ပြင် တရုတ်၏ လုပ်ဆောင်ချက်များကို ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ နှင့် ဥရောပသမဂ္ဂတို့ကလည်း ပြစ်တင်ဝေဖန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly