မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌပြော

မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌပြော

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အမေရိကန်နိုင်ငံကဆောင်ရွက်မှာဖြစ်ပြီး ဒီကာလအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield) က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အခု သြဂုတ်လအတွက် လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမှာ ဘာတွေလုပ်သွားမယ်ဆိုတာနဲ့ပတ်သက်လို့ သြဂုတ်လ ၁ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ သံအမတ်ကြီးက အခုလိုပြောသွားတာပါ။

ယူကရိန်းကိုပဲ ကြည့်ကြည့်၊ ယီမင်ကိုပဲ ကြည့်ကြည့်၊ ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရကြောင်း၊ ဆူဒန်မှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရမ်း စိုးရိမ်မိကြောင်း သူကပြောပါတယ်။.

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို ကောင်းကောင်း သိရှိပြီး ရိုဟင်ဂျာအရေးဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်နေကြောင်းသံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအရေးကိုလည်း အလေးထား လုပ်သွားမှာဖြစ်သလို သူကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့လည်းရှိတာကြောင့် ဒီခရီးစဉ်ကနေ လုံခြုံရေးကောင်စီကို ရိုဟင်ဂျာအရေး မီးမောင်းထိုး တင်ပြနိုင်ဖို့ မျှော်လင့်တယ်လို့လည်း အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။

လက်ရှိမှာ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့တဲ့အလှူရှင်တွေထဲမှာ အမေရိကန်က ပမာဏအများဆုံးထည့်ဝင်ထားတဲ့အလှူရှင်နိုင်ငံဖြစ်တာကြောင့် အလှူငွေပိုမိုရရှိဖို့ ဦးဆောင်သွားဖို့ရှိသလို ကုလသမဂ္ဂ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲလုပ်သွားမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့လည်း လက်တွဲပြီး ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် ယူကရိန်း၊ ယီမင်၊ ဆူဒန် အစရှိတဲ့ ကမ္ဘာ့တဝန်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ အကြောင်းကို ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျင်းပမယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာတင်မဟုတ်ဘဲ တခြား ဆွေးနွေးပွဲတွေမှာလည်း ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly