ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ NUG ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ NUG ထုတ်ပြန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်အသီးသီးကနေ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ ဒုတိယဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ ဆိုပြီး ပြစ်ဒဏ်လျှော့ပေါ့ကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်နောက်မှာ NUG က အခုလို ထပ်မံထုတ်ပြောလာတာဖြစ်ပါတယ်။

သူတို့ဟာ ပြစ်မှုတစ်စုံတစ်ရာကိုမျှ ကျူးလွန်ခဲ့တာမျိုးမရှိဘဲ တစ်ဖက်သတ် လုပ်ကြံစွပ်စွဲဖမ်းဆီးခံရတာဖြစ်ပြီး ပြစ်ဒဏ်အားလုံးဟာ ဥပဒေနဲ့ ညီညွတ်တာမရှိတဲ့အပြင် မတရားအမိန့်ချမှတ်ခံထားရတာလို့ ပြောပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတစ်ဝန်းက မတရားဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေကို ချက်ချင်း လွှတ်ပေးရမှာဖြစ်ပြီး သူတို့ပေါ် ပြစ်ဒဏ်ချမှတ်ထားတဲ့ အမိန့်တွေကလည်း မူလကတည်းက ပျက်ပြယ်ပြီး သားဖြစ်တယ်လို့ NUG တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်ဟာ ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေတယ်လို့ပြောထားပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အပြစ်မဲ့ နိုင်ငံသားတွေအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်အသီးသီးကိုလည်း ပယ်ဖျက်ပြီး ခြွင်းချက်မရှိ၊ ချက်ချင်းလွှတ်ဖို့ NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ငါးမှုနဲ့ သမ္မတဦးဝင်းမြင့်ရဲ့ အမှု နှစ်မှုက ပြစ်ဒဏ်တွေကိုလျှော့ပေါ့ပေးခဲ့တာပါ။

စစ်ကောင်စီကတော့ အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုငါးမှုအတွက် ထောင်ခြောက်နှစ်၊ အမှုပေါင်းရှစ်မှုနဲ့ ထောင် ၁၂ နှစ်ကျခံနေရတဲ့ သမ္မတဦးဝင်းမြင့် ကို အမှုနှစ်မှုအတွက် ထောင်လေးနှစ် လျှော့ပေး လိုက်တာပါ။

မတရားဖမ်းဆီးအကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ် ပေးဖို့ အမျိုးသားညီညွတ်အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း သတိပေးလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးကို ပြစ်ဒဏ်က လျော့ပေါ့ပေးခဲ့တဲ့အပြင် နိုင်ငံအနှံ့မှာဖမ်းဆီးခံထားရတဲ့ အကျဉ်းသား (၇၇၄၉) ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေး အပ်ခဲ့ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကိုလည်း ထောင်ဒဏ်တစ်သက် ပြောင်း လဲချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးဝန်းကျင်သာ ပါလာတာကို အတည်ပြုနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly