ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်
Photo - AFP

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြပွဲတစ်ခုအတွင်း ဆန္ဒပြသူများက ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင် မြို့တော် ဒါကာရှိ အဓိကလမ်းမကြီးများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြစဉ် ရဲများနှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ခဲ့ကြသည်။ ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲများက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်များဖြင့် ပစ်ခတ်ပြီး ဆန္ဒပြသူများကို လူစုခွဲခဲ့သည်။

ရှိတ် ဟာစီနာ နုတ်ထွက်ရေးနှင့် လာမည့် ဇန်နဝါရီတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများကို ယာယီအစိုးရတစ်ရပ်အား ကြီးကြပ်ခွင့်ပြုရေး တောင်းဆိုလျက်ဖြင့် အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) နှင့် ယင်း၏ မဟာမိတ်များက ယမန်နှစ်ကတည်းက ဆန္ဒပြမှုများကို လုပ်ဆောင်ထားသည်။

မြို့တော်ရှိ အဓိကလမ်းမများတွင် အသွားအလာများကို ပိတ်ဆို့စေရန် မနက်ပိုင်းတွင် စုဝေးခဲ့ကြသော လူထောင်ချီကို ရှင်းလင်းရန် ရဲများ လုပ်ဆောင်ခဲ့ချိန် နေရာတချို့၌ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“လုံခြုံရေးတာဝန်ရှိသူတချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်” ဟု ဒါကာ မက်ထရိုပိုလစ်တန် ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ဖာရွတ်ခ် ဟူစိန်က အေအက်ဖ်ပီကို ပြောသည်။ “ကျွန်တော်တို့ မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရာဘာကျည်တို့နဲ့ ပစ်ခတ်ခဲ့ရတယ်”

မြို့အနှံ့ရှိ ဆန္ဒပြနေရာ လေးခုထက်မနည်းတွင် ရဲများနှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့ခဲ့ကြကြောင်းနှင့် ရဲ ၂၀ ဦး ထိခိုက်ဒဏ်ရာရပြီး ဆန္ဒပြသူ ၉၀ ဦးခန့် ဖမ်းဆီးခံရကြောင်း ဟူစိန်က ပြောသည်။

ဆန္ဒပြသူများက အဓိကရုဏ်းရဲများနှင့် ၎င်းတို့၏ ကားများကို ကျောက်တုံးကျောက်ခဲများဖြင့် တုံ့ပြန်ပစ်ပေါက်ခဲ့ကြသည်ကို လက်ရှိ ကားပြုပြင်ရေးဆိုင်များရှိရာ အချက်အချာမြို့ဖြစ်နေသည့် ဒိုလိုင်ခဲလ်ရှိ ဆန္ဒပြနေရာတစ်ခုတွင် ရောက်ရှိနေခဲ့သော အေအက်ဖ်ပီ ဂျာနယ်လစ်များ မျက်မြင်တွေ့ခဲ့ရသည်။

ထိခိုက်ဒဏ်ရာ ရရှိသွားသော ဆန္ဒပြသူများ ခြောက်ဦး ဆေးရုံသို့ ရောက်ရှိခဲ့သည်ဟု ဒါကာ ဆေးပညာကောလိပ် ဆေးရုံရှိ ရဲအုပ် ဘက်ချူမီရာက အေအက်ဖ်ပီကို ပြောသည်။

BNP ပါတီ အကြီးတန်းခေါင်းဆောင်များဖြစ်သည့် ဂိုယေရှဝါ ရွိုင်းနှင့် အမန်နူလာ အာမန်တို့ကို ရဲက ခေါ်ဆောင်ထားသော်လည်း ၎င်းတို့ကို တရားဝင် ဖမ်းဆီးထားခြင်းမရှိကြောင်း ဟူစိန်က ပြောသည်။

မြို့တော်နှင့် နိုင်ငံ၏ အခြားနေရာများကို ဆက်သွယ်သည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဆိုးဆိုးဝါးဝါး အဆက်ပြတ်တောက်နေပြီး ထရပ်ကားများနှင့် ဘတ်စ်ကားများ ပိတ်မိနေကြသည်။

ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိဝန်ကြီးချုပ် ဟာစီနာ၏ အဝါမီအဖွဲ့ချုပ်ပါတီ အစိုးရသည် ၂၀၀၉ ခုနှစ်ကတည်းက အုပ်ချုပ်နေခဲ့ခြင်းဖြစ်ပြီး ၎င်းအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် တစ်စထက်တစ်စ အာဏာရှင်ဆန်လာမှုတို့ ရှိနေကြောင်း စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly