ထိုင်းတွင် မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ

ထိုင်းတွင် မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဇူလိုင် ၂၉ ရက်က မီးရှူးမီးပန်းဂိုဒေါင်တစ်ခု၌ ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွား၍ လူ ကိုးဦး သေဆုံးပြီး အခြားလူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရသွားကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ အနီးအနားရှိ လူနေအိမ်တချို့လည်း ပြိုကျ သို့မဟုတ် ထိခိုက်ပျက်စီးသွားသည်။

နရာသီဝတ်ပြည်နယ် ဆွန်ငိုင် ကိုလော့ မြို့တွင် ဖြစ်ပွားသော အဆိုပါ ပေါက်ကွဲမှုသည် အဆောက်အအုံ ဆောက်လုပ်မှုလုပ်ငန်းတွင်း ဂဟေဆော်မှုမှတစ်ဆင့် ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရသည်။

“ဆွန်ငိုင် ကိုလော့မှာ ဗြောက်အိုးတွေ သိုလှောင်တဲ့ သိုလှောင်ရုံတစ်ခု ဒီမွန်းလွဲပိုင်းက ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ခုနောက်ဆုံးသိထားရတာက‌တော့ လူကိုးယောက် သေပြီး ၁၁၅ ဦး ဒဏ်ရာရခဲ့တယ်” ဟု နရာသီဝတ် အုပ်ချုပ်ရေးမှူး ဆာနန်း ပေါင်ဂတ်ဆွန်းက အေအက်ဖ်ပီကို ပြောသည်။

“ခုချိန်မှာ မီးကိုတော့ ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ဆောက်လုပ်ဆဲ အဆောက်အအုံမှာ စတီး ဂဟေဆော်နေချိန်မှာ အမှားတစ်ခုဖြစ်လို့ ဒီပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်”

ပေါက်ကွဲမှုကြောင့် မီးရှူးမီးပန်း ဂိုဒေါင်အနီးဝန်းကျင် ဧရိယာတစ်ခုကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည်။ ပြည်တွင်း မီဒီယာတွင် ဖော်ပြသည့် ရုပ်သံဗီဒီယိုအရ ကြီးမားသည့် မီးခိုးလုံးကြီးတစ်ခု လေထဲ လွင့်တက်နေပြီး ပေါက်ကွဲမှုအားကြောင့် ဈေးဆိုင်များ၊ အိမ်များနှင့် ကားများ ဆိုးဆိုးဝါးဝါး ပျက်စီးသွားသည်ကို ပြသနေသလို တချို့မှာ မီးလောင်နေဆဲဖြစ်ကာ အဆောက်အအုံ အများအပြား အမိုးများ ကျွတ်လန်ထားသည်ကို တွေ့ရသည်။

မီဒီယာတချို့က သေဆုံးသူ ၁၀ ဦးဟု ဖော်ပြလျက် ရှိသော်လည်း ထိုကိန်းဂဏန်းကို အတည်ပြုနိုင်ခြင်း မရှိပေ။

မလေးရှားနယ်စပ်ရှိ အဆိုပါ ထိုင်းနယ်စပ်မြို့တွင်ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။ လူနေအိမ် ၅၀၀ ခန့်အထိ ထိခိုက်ပျက်စီးခဲ့နိုင်သည်ဟုလည်း အခြားသော မီဒီယာများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly