ထိုင်းလွှတ်တော်က ဩဂုတ် ၄ ရက်၌ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ရန် ပြင်ဆင်

ထိုင်းလွှတ်တော်က ဩဂုတ် ၄ ရက်၌ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ရန် ပြင်ဆင်

ထိုင်းနိုင်ငံတွင် မေလ ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေး လိပ်ခဲတည်းလည်း ရှိနေချိန်၌ ဝန်ကြီးချုပ်သစ် ထပ်မံ ရွေးချယ်ရေးအတွက် လွှတ်တော်အစည်းအဝေးကို ဩဂုတ် ၄ ရက်၌ စီစဉ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီမှ ခေါင်းဆောင်ဖြစ်သူ ဖိထာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုရန် နှစ်ကြိမ်တိုင် ကြိုးပမ်းမှုအား ကွန်ဆာဗေးတစ်များနှင့် စစ်တပ် ခန့်အပ်သော လွှတ်တော်အမတ်များက တားဆီးပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

မေလရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရပြီး ရှေ့သို့ချီပါတီနှင့်အတူ ရှစ်ပါတီ မဟာမိတ်ဖွဲ့ထားသည့် ဖျူထိုင်းပါတီက ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်း တင်သွင်းလာလိမ့်မည်ဟု မျှော်လင့်ရသည်။

ထိုင်းက မဲပေးပြည်သူများသည် ပြီးခဲ့သည့် ဆယ်နှစ်တာ၌ ထိုင်းနိုင်ငံရေးကို ကြီးစိုးထားသော စစ်တပ်နောက်ခံသည့် ပြိုင်ဖက်များကို ပယ်ချပြီး ရှေ့သို့ချီပါတီအား အံ့အားသင့်ဖွယ် ရွေးကောက်ပွဲ အနိုင်ရရှိအောင် မဲပေးခဲ့ကြခြင်း ဖြစ်သည်။

သို့ရာတွင် စစ်တပ်ကြီးစိုးသော ဆီးနိတ်နှင့် ကွန်ဆာဗေးတစ်များမှ အတိုက်အခံများ ပါဝင်သော ဘုရင်စနစ် လိုလားသူများက ဖိထာကို ဆန့်ကျင်ကြ၍ ဝန်ကြီးချုပ်ဖြစ်ရေး ၎င်း၏ ကြိုးပမ်းမှုမှာ အရာမထင် ရှိနေသည်။

လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ် ဖြစ်လာမည့် သင့်တော်သော ပုဂ္ဂိုလ်ကို စဉ်းစားအတည်ပြုမည်ဖြစ်ကြောင်း ဩဂုတ် ၄ ရက်အတွက် လွှတ်တော်လုပ်ငန်းစဉ်တွင် အကြမ်းဖျင်း ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါ လွှတ်တော်လုပ်ငန်းစဉ် မထုတ်ပြန်ခင်က အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဝန်မူဟာမတ်နောမတ်သာသည် ဖိထာကို ဝန်ကြီးချုပ်အဖြစ်မှ ပိတ်ဆို့ထားသည့် ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံခုံရုံးက ပြန်လည်သုံးသပ်နေသည်ဟု သတင်းထောက်များအား ပြောဆိုထားခြင်း ရှိထားသဖြင့် ဝန်ကြီးချုပ် ရွေးချယ်မဲပေးမှုသည် နှောင့်နှေးကြန့်ကြာနိုင်သေးသည်။

ဖိထာအား ဝန်ကြီးချုပ်အဖြစ် တားဆီးသည့် ဇူလိုင်အစောပိုင်းက ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အသနားခံထားမှုကို ထိုင်းဖွဲ့စည်းပုံခုံရုံးက လာမည့် ကြာသပတေးနေ့ (ဩဂုတ် ၃ ရက်) တွင် ပြန်လည်သုံးသပ်မည် ဖြစ်သည်။

အကယ်၍ အသနားခံမှုအား ခုံရုံးက လက်ခံခဲ့ပါက နောက်တစ်နေ့ ဩဂုတ် ၄ ရက် လွှတ်တော်မဲပေးမှုကို ရွှေ့ဆိုင်းရလိမ့်ဦးမည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly