ဗြိတိန်နာမည်ကျော်ကုန်တိုက် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်း

ဗြိတိန်နာမည်ကျော်ကုန်တိုက် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်း

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နာမည်ကျော်ကုန်တိုက်ကြီးတစ်ခုဖြစ်တဲ့ John Lewis Partnership ကုန်တိုက်က မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ရောင်းချတာ ရပ်ဆိုင်းတော့မယ်လို့ ပြောလိုက်ပါတယ်။

ဗြိတိန်အခြေစိုက် ရတနာကုမ္ပဏီတွေအနေနဲ့ သူတို့ ရောင်းချနေတဲ့ ကျောက်မျက်ရတနာပစ္စည်းတွေဟာ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်တွေမဟုတ်ကြောင်း သက်သေပြဖို့ မြန်မာ့ကျောက်မျက်ရတနာတွေကို ဝယ်ယူရောင်းချပြီး စစ်ကောင်စီကို ထောက်ပံ့သလို မဖြစ်စေဖို့ John Lewis ကုန်တိုက်အပါအဝင် ကုမ္ပဏီ ၄ဝ ကိုBurma Campaign UK အဖွဲ့က မေလ ၃ဝ ရက်နေ့က စာရေးသားတောင်းဆိုခဲ့တာပါ။

အဲ့ဒီနောက် ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ John Lewis Partnership ကုန်တိုက်က အခုလို အကြောင်းပြန်ကြားလာတာဖြစ်ကြောင်း Burma Campaign UK အဖွဲ့က ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေအတွက် စိုးရိမ်ပူပန်ကြောင်း၊ သူတို့ကုန်တိုက်အနေနဲ့ ကျောက်မျက်ရတနာ အနည်းအကျဉ်းကိုပဲ ဝယ်ယူခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီကို ထောက်ပံ့တဲ့ လမ်းကြောင်းထဲ ရောက်နေဆဲဖြစ်ကြောင်း" John Lewis Partnership ကုန်တိုက်က Burma Campaign UK အဖွဲ့ကို ပြန်ကြားတဲ့စာမှာ ဖော်ပြပါရှိပါတယ်။

အလားတူ တခြားကျောက်မျက်ကုမ္ပဏီတွေအနေနဲ့လည်း ကျောက်မျက်တွေ ဝယ်ယူရောင်းချပြီး မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လက်နက်ဝယ်ယူရေးမှာ ကူညီပေးတဲ့ အရင်းအမြစ်မဖြစ်ကြစေဖို့ တောင်းဆိုတယ်လို့ Burma Campaign UK ကဆိုပါတယ်။

ဗြိတိန်အခြေစိုက် TJC ကျောက်မျက်ကုမ္ပဏီကလည်း မြန်မာ့ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာတွေကို ရပ်တန့်လိုက်ကြောင်း ဇွန်လထဲမှာ ပြောဆိုခဲ့ပါတယ်။

နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ အစိုးရဝန်ကြီးဌာနတွေအပြင် စစ်တပ်ခေါင်း ဆောင်တွေနဲ့ မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကတစ်ဆင့် ကျောက်မျက်ရတနာ ရောင်းချမှုတွေကို တရားဝင်အပြင် တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ပါ ထိန်းချုပ်ထားပြီး ကျောက်မျက်လုပ်ငန်းကနေ ပုံစံအမျိုးမျိုးနဲ့ ဝင်ငွေရနေတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ မေလ ၃၀ ရက်ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 မြန်မာစစ်တပ်ဟာ ဒီကျောက်မျက်လုပ်ငန်းကနေ ရတဲ့ဝင်ငွေတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly