စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြု

စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြု

မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မလေးရှားနိုင်ငံက လူ့အခွင့်အရေး ကိစ္စကို ပစ်ပယ်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီနဲ့ အာဆီယံနိုင်ငံတွေအကြား အလွတ်သဘော ဆက်ဆံတာမျိုးတွေ ခွင့်ပြုပေးသင့်ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim)  က ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နဲ့ ကွာလမ် လမ်ပူမှာ တွေ့ဆုံတဲ့အချိန် ဒီကိစ္စကို နှစ်နိုင်ငံအကြား သူဆွေးနွေးခဲ့တဲ့အကြောင်း ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာပါ။

ဒါပေမဲ့ စစ်ကောင်စီနဲ့ အဲဒီလိုဆက်ဆံတဲ့အခါ လူ့အခွင့်အရေးကိစ္စရပ်တွေကိုတော့ ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ ပိုခိုင်မာလာအောင် လုပ်နေချိန်မှာ အလျှော့အတင်း နည်းနည်းရှိဖို့လည်း လိုပါတယ် လို့ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်အန်နဝါက ပြောပါတယ်။ 

အိမ်နီးချင်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက လူနည်းစုတွေအရေး၊ အထူးသဖြင့် ရိုဟင်ဂျာအရေးစတဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို ချန်လှပ်မထားဘဲ (မြန်မာစစ်ကောင်စီနဲ့) အလွတ်သဘော ဆွေးနွေးခွင့်ရဖို့ လိုပါတယ် လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ အကြီးအကဲတွေကို ဖိတ်ကြားထားတာကို လက်မခံဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ မလးရှားအပါအဝင် အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ထားပါတယ်။ 

စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပေမယ့် မလေးရှား နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ စစ်ကောင်စီနဲ့ ပြန်လည်စေ့စပ်ဆွေးနွေးရေးအစီအစဉ်ကို ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း မလေးရှားဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို ချန်လှပ်ထားပေမဲ့ ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့လမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ အလွတ်သဘောတွေ့ဆုံခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်တွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေးကို သဘောတူညီခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် အဆိုပါသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေးဟာ ၂ နှစ်ကျော် ကြာလာပေမယ့် အောင်မြင်မှုများ မရဘဲဖြစ်ကြောင်း ဝေဖန်မှုများရှိနေခဲ့ပါတယ်။ 

မလေးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲ မှာ စစ်ကောင်စီပေါ် ဝေဖန်ပြစ်တင်မှု အများဆုံးပြုလုပ်နေတဲ့နိုင်ငံဖြစ်ပြီး ဒီလအစောပိုင်းတုန်းကလည်း စစ်ကောင်စီ ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းတောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။

စစ်ကောင်စီနဲ့ဆက်ဆံဖို့ အခုလို လေသံပြောင်းပြီး ပြောဆိုလာတဲ့အပေါ် အာဆီယံအဖွဲ့ရဲ့ သဘောထားကို မသိရသေးပါဘူး။

ဖိလစ်ပိုင်သမ္မတကတော့ မြန်မာအရေးနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်း မရှိကြောင်း သိရပါတယ်။ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေအကြား သဘောထားညီညွတ်ကြဖို့ တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly