ဆီအုန်းစိုက်ပျိုးမှုအပေါ် ဝေဖန်မှုကြောင့် လီယိုနာဒို အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံရဖွယ်ရှိ

ဆီအုန်းစိုက်ပျိုးမှုအပေါ် ဝေဖန်မှုကြောင့် လီယိုနာဒို အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံရဖွယ်ရှိ

နယူးယော့ခ်၊ ဧပြီ ၄ ။              ။ အော်စကာဆုရှင် လီယိုနာဒို ဒီကာပီရိုက ဆီအုန်းစိုက်ပျိုးမှုသည် အင်ဒိုနီးရှားနိုင်ငံ၏ မိုးသစ်တောများကို ပျက်စီးစေပြီး တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရကြောင်း ပြစ်တင်ပြောကြားခဲ့မှုကြောင့်  အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင် ခံရနိုင်ဖွယ် ရှိသည်။

လီယိုနာဒို ဒီကာပီရိုသည် ပြီးခဲ့သည့် သီတင်းပတ်က ဆူမာတြားမြောက်ပိုင်း  Mount Leuser အမျိုးသားပန်းခြံသို့  တစ်ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ပြီး  တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ၏ စားကျက်မြေများ ခြိမ်းခြောက်ခံနေရမှုအပေါ် စိုးရိမ်မိကြောင်းကို ၎င်း၏ Instagram အကောင့်တွင် ဓာတ်ပုံများနှင့်အတူ ရေးသားဖော်ပြခဲ့သည်။

“ ဆီအုန်းစိုက်ပျိုးမှုကို တိုးချဲ့လုပ်ဆောင်ခြင်းဟာ မိုးသစ်တောတွေကို ပျက်စီးစေပါတယ်။ ဆင်တွေရဲ့ ပြောင်းရွှေ့မှု လမ်းကြောင်းကို ပိတ်ဆို့မှုတွေ ဖြစ်စေတယ်။ ဆင်မိသားစုတွေ အစားအစာနဲ့ ရေအရင်းအမြစ်တွေကို ရှာဖွေစားသောက်တဲ့အခါ အခက်အခဲတွေ ဖြစ်စေတယ်”ဟု လီယိုနာဒိုက ပြောကြားထားသည်။

ဒီကာပီရိုသည် ၎င်း၏ အလည်အပတ်ခရီးစဉ်ကို အသုံးချကာ  ဆီအုန်းလုပ်ငန်းနှင့် အင်ဒိုနီးရှား အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခဲ့ကြောင်း ဥပဒေရေးရာနှင့် လူ့အခွင့်အရေး ဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဟီရူဆန်တိုဆိုက ပြောကြားခဲ့သည်။

“  Leuser ဂေဟစနစ်ကို ကာကွယ်ဖို့ လီယိုနာဒိုရဲ့ စိုးရိမ်မှုအပေါ် ကျွန်တော်တို့ ထောက်ခံပါတယ်။ ဒါပေမဲ့ လီယိုနာဒိုဟာ သူရဲ့ လူမှုရေး မီဒီယာအကောင့်မှာ ရန်စတဲ့ အကြောင်းအရာတွေကို ဆက်လက် ရေးသားနေမယ်ဆိုရင် ကျွန်တော်တို့ သူ့ကို အင်ဒိုနီးရှားနိုင်ငံ လာရောက်ခွင့်ကို  အချိန်မရွေး ပိတ်ပင်သွားနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

The Leonardo Dicaprio ဖောင်ဒေးရှင်းသည် Leuser ဂေဟစနစ်၏ မိုးသစ်တောများ ကာကွယ်စောင့်ရှောက်ရေးကို လုပ်ဆောင်လျက်ရှိသည်။

လီယိုနာဒိုသည် သဘာဝပတ်ဝန်းကျင်ကို မည်သို့ ကာကွယ်စောင့်ရှောက်ရမည် ဆိုသည့်အပေါ် ပြစ်တင်ပြောကြားမှုကြောင့် အင်ဒိုနီးရှားအစိုးရကို ဒေါသထွက်စေသည့်  ပထမဆုံး ဟောလီးဝုဒ် မင်းသား မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly