အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ရဲက ဖမ်းဆီး

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ရဲက ဖမ်းဆီး

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာ ပရာဒက်ရှ်ပြည်နယ်တွင် တရားမဝင် နေထိုင်မှုအတွက် ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ ထိုလုပ်ရပ်က အကြမ်းဖက်မှုမှ ထွက်ပြေးလာရသူများအပေါ် တစ်ဖက်သတ် နှိမ်နင်းမှုအဖြစ် တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြစ်တင်ကြသည်။

ပြည်နယ်ရှိ မြို့ငယ်နှင့် မြိုကြီး ခြောက်ခုတွင် မွတ်စလင်ရိုဟင်ဂျာ အစုအဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဒုက္ခသည် ၁၀ ဦးသည် လူငယ်များဖြစ်ကြောင်း အိန္ဒိယရဲက ပြောသည်။

ယခု ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံတွင် ဖိစီး နှိပ်စက်မှုမှ လွတ်အောင် ထွက်ပြေးခဲ့ကြပြီးနောက် လက်ရှိ ဧရိယာတွင် ၁၀ နှစ်ခန့်ကြာ နေထိုင်နေခဲ့ကြသူများဖြစ်ကြောင်း ရိုဟင်ဂျာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က ပြောသည်။

အများအပြားသည် အမှိုက်ကောက်ခြင်း အပါအဝင် ကျပန်းအလုပ်ကြမ်းများ လုပ်ကိုင်နေကြသူများဖြစ်ကြောင်း ရိုဟင်ဂျာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ ဦးကျော်မင်းက ပြောသည်။ “သူတို့တွေက ခိုလှုံခွင့် တောင်းဆိုနေခဲ့ကြသူတွေသာ ဖြစ်ပါတယ်။ ခုလိုမျိုး ထိန်းသိမ်းဖမ်းဆီးမှုတွေ အဆုံးသတ်ဖို့ ရိုဟင်ဂျာ အသိုင်းအဝန်းက တောင်းဆိုနေပါတယ်” ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာ သိန်းချီသည် မြန်မာနိုင်ငံမှနေပြီး အိန္ဒိယနှင့် နယ်စပ်ချင်းထိစပ်နေသော ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။ မြန်မာစစ်တပ်က ၎င်းတို့အနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို ကျူးလွန်ခြင်း မရှိဟု ငြင်းဆိုသည်။

အိန္ဒိယသည် ဒုက္ခသည် အခွင့်အရေးများနှင့်  ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို ဖော်ပြသည့် ၁၉၅၁ ကုလ ဒုက္ခသည် ကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားခြင်း မရှိသလို ဒုက္ခသည်များအပေါ် အကာအကွယ်ပေးခြင်းဆိုင်ရာ ကိုယ်ပိုင် ဥပဒေများလည်း မရှိပေ။

ယမန်နှစ် နှစ်စပိုင်းအထိ အိန္ဒိယတွင် ရိုဟင်ဂျာ ၁၈,၀၀၀ ခန့် နေထိုင်ခဲ့ကြကြောင်း ရိုဟင်ဂျာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ပူးတွဲတည်ထောင်သူ အလီ ဂျိုဟာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly