မလေးရှားတွင် မြန်မာနိုင်ငံသား ၃ ဦးကို ကားအတွင်း သေဆုံးလျက် တွေ့ရှိ

By The Sun Daily
19 July 2023
မလေးရှားတွင် မြန်မာနိုင်ငံသား ၃ ဦးကို ကားအတွင်း သေဆုံးလျက် တွေ့ရှိ

မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ် Batu Pahat ခရိုင် Yong Peng မြို့ ယာဉ်ရပ်နားစခန်းတစ်ခု၌ ရပ်ထားသည့် ကားတစ်စီးအတွင်းမှ မြန်မာနိုင်ငံသား သုံးဦးကို ယမန်နေ့က သေဆုံးလျက် တွေ့ရှိကြောင်း မလေးရှား သတင်းတစ်ရပ်အရ သိရသည်။

ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ကားသည် လော့ခ်ချထားကာ မှန်တံခါးများ တင်ထားသလို စက်နိုးထားကာ အဲယားကွန်း ဖွင့်ထားသည်ကို တွေ့ရကြောင်း Batu Pahat ရဲဌာနမှ အရာရှိတစ်ဦးဖြစ်သည့် မူရှာဒက် အဗ္ဗဒူလာ ဆာနီက ပြောသည်။

ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အများပြည်သူက ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ကနဦး စစ်ဆေးမှုများအရ အသက် ၂၃ နှစ်နှင့် ၂၅ နှစ်ရှိ အမျိုးသားနှစ်ဦးနှင့် အသက် ၂၇ နှစ်ရှိ အမျိုးသမီးတစ်ဦးတို့သည် Pahang ပြည်နယ် Genting Highlands မြို့မှ Pasir Gudang မြို့ Taman Air Biru အရပ်သို့ ငှားထားသည့် ကားတစ်စီးဖြင့် သွားခြင်း ဖြစ်သည်ကို တွေ့ရှိကြောင်း ၎င်းက ပြောသည်။

“သူတို့ဟာ ကားထဲမှာ အိပ်ဖို့ ဒီယာဉ်ရပ်နားနေရာမှာ ရပ်နားခဲ့ကြတယ်လို့ ယုံကြည်ရတယ်” ဟု ၎င်းက ပြောသည်။

မျက်မြင်တွေ့သူတချို့က ၎င်းတို့သည် အချိန်အတော်ကြာ ပါကင်ထိုးထားသည့် ကားထဲတွင် လူသုံးယောက် မလှုပ်မယှက်ဖြင့် ရှိနေသည်ကို သတိပြုမိခဲ့သည့်အတွက် ကားတံခါးကို ခေါက်ပြီး အကူအညီပေးရန် ကြိုးပမ်းခဲ့ကြောင်း ရဲများကို ပြောသည်။

ကားထဲမှ သုံးဦးက တုံ့ပြန်ခြင်း မရှိသည့်အတွက် ၎င်းတို့က ပြတင်းပေါက်တစ်ခုကို ရိုက်ခွဲဖွင့်ခဲ့သည်။

“ကားထဲက လူသုံးယောက် သတိလစ်နေတာကို တွေ့တော့ သူတို့က ရဲကို ခေါ်ခဲ့ပါတယ်” ဟု ဆာနီက ပြောသည်။

ယင်းနောက် ည ၁၀ နာရီ ၁၀ မိနစ်တွင် လူနာတင်ယာဉ်ဖြင့် ရောက်လာသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက အဆိုပါ သုံးဦး အသက်မရှိတော့ကြောင်း အတည်ပြုခဲ့သည်။

ယခုကိစ္စကို ရုတ်တရက် သေဆုံးမှုအဖြစ် သတ်မှတ်ထားကြောင်းနှင့် အလောင်းများကို ရင်ခွဲစစ်ဆေးရန် Sultanah Nora Ismail ဆေးရုံသို့ ပို့ထားကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly