အကယ်ဒမီ ထူးချွန်ဆုရသူများရဲ့ အကယ်ဒမီ ရင်ခုန်သံ

အကယ်ဒမီ ထူးချွန်ဆုရသူများရဲ့ အကယ်ဒမီ ရင်ခုန်သံ

၂၀၁၄၊ ၂၀၁၅ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဧပြီ ၃ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Event Park ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ 

ဆုပေးပွဲတွင် အသီးသီး ဆုများရရှိခဲ့သည့် အနုပညာရှင်များစွာထဲမှာ အနုပညာရှင်အချို့ရဲ့ အကယ်ဒမီ ရင်ခုန်သံအချို့ကို ကောက်နှုတ်တင်ပြလိုက်ရသည်။ 

အကယ်ဒမီ ဒါရိုက်တာ ဝိုင်း

ဒီနှစ်တော့ မပါလောက်ဘူးထင်တာ။ မထင်မှတ်ဘဲ ရတာပေါ့နော်။ ထပ်ဆင့်အကယ်ဒမီဆိုတော့ ပိုပြီးတော့ တာဝန်ကြီးသလို ခံစားရပါတယ်။ ကျွန်တော်ဒီ့ထက်ပိုပြီး ကြိုးစားရမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ်ပါ ၂၀၁၄က ကားတွေက ကျွန်တော့်မှာ အားနည်းချက်တွေများတယ်။ ၂၀၁၅မှာတော့ အဲ့ဒီ့အားနည်းချက်တွေကို ဖြည့်ပြီး ရိုက်ထားတဲ့ ကားတစ်ကားဖြစ်တဲ့အတွက် ၂၀၁၄ထက်စာရင် ပိုကျေနပ်တယ်လို့ ပြောလို့ရပါတယ်။

အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ

ကိုယ့်ထက်တော်တဲ့တတ်တဲ့ အနုပညာရှင်ကြီးတွေကနေ အကဲဖြတ်ပေးတဲ့အတွက် ကျေနပ်အားရပါတယ်။ တကယ်လို့မှ ဒီနှစ်မှာ မဂွမ်းက မရဘဲ တခြားတယောက်ကို ပေးလိုက်တယ်ဆိုရင်လည်း မဂွမ်းကတော့ ကြည်ဖြူစွာနဲ့ ကိုယ့်ထက်တော်လို့ တတ်လို့ ပေးလိုက်တယ်ဆိုတဲ့စိတ်နဲ့ ကြည်ဖြူမှာပါ။ မဂွမ်းက သွားပြီး နှုတ်ဆက်မှာပါ။ ပရိတ်သတ်တွေက Press Show ပြတဲ့အချိန်ကနေ အခုချိန်ထိတော့ ဖုန်းတွေကရော ဖေ့စ်ဘုတ်ကရော ပြောနေတာတွေ ရှိပါတယ်။ သြင်္ကန်အတွက် နှစ်ဆန်း ၁ရက်နေ့ကနေ စပြီးတော့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေအားလုံး နွေးထွေးတဲ့ မိသားစုဘဝတွေ ပိုင်ဆိုင်ပြီးတော့ အစစအရာရာ အားလုံး အဆင်ပြေချောမွေ့ကြပါစေလို့ ဆုတောင်းပါတယ်။

အကယ်ဒမီ ဇင်ဝိုင်း

ခံစားမှုကတော့ အတူတူပဲ။ ငယ်ငယ်တုန်းက ရည်းစားထားတုန်းကလည်း ချစ်ရတာပဲ။ ငယ်ရည်းစားနဲ့ကွဲပြီး ကြီးမှ ရည်းစားရတော့လည်း ချစ်ရတာပါပဲ။ အဲ့လိုပါပဲ။ ဒီအကယ်ဒမီဆိုတာလည်း ပထမတစ်ကြိမ်ရတော့လည်း တစ်ကြိမ်ရပြီ ကျေနပ်သွားပြီပေါ့။ နောက်နှစ်တွေကြာမှ နောက်တစ်ကြိမ်ရတော့လည်း အသစ်လိုဖြစ်ရတာပါပဲ။ 

အကယ်ဒမီ ခိုင်သင်းကြည်

ပရိတ်သတ်တွေကလည်း ရစေချင်တဲ့အတွက် ပရိတ်သတ်လည်း ဆန္ဒပြည့်ဝသွားတယ်။ မခိုင်လည်း အများကြီး ကြိုးစားသွားဦးမှာပါ။ 

အကယ်ဒမီ ဖွေးဖွေး

ကိုယ့်ရဲ့ ပထမဦးဆုံးကားမှာ ရတုန်းကလည်း အံ့သြဝမ်းသာရပါတယ်။ ဒီကားမှာကျတော့လည်း အခြား nominate ကားတွေ ကားကောင်းတွေ အများကြီးပါနေတဲ့ကြားကနေပြီးတော့ ရတဲ့အတွက် ပိုပြီးတော့ အားရပါတယ်။ ဆရာနဲ့လည်း စင်ပေါ်မှာ ပြန်ပြီးတော့ ဆုံရတယ်။ 

ပြီးတော့ ပြောင်းလဲခြင်းရဲ့အစမှာ ရတဲ့အတွက်လည်း အမှတ်တရ ပိုဖြစ်တာပေါ့။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly