မြန်မာ့စိန်ခေါ်မှုများအား ဖြေရှင်းရေး ‘ပြည်သူ့ဗဟိုပြုလမ်းစဉ်’ ကို အိန္ဒိယ အဆိုပြု

မြန်မာ့စိန်ခေါ်မှုများအား ဖြေရှင်းရေး ‘ပြည်သူ့ဗဟိုပြုလမ်းစဉ်’ ကို အိန္ဒိယ အဆိုပြု

ထိုင်းနိုင်ငံ၌ ဘန်ကောက်၌ ဇူလိုင် ၁၆ ရက်က ပြုလုပ်သည့် မဲခေါင်ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု MGC လုပ်ငန်းစဉ်အစည်းအဝေး ပြင်ပန်းတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေရှန်ကာနှင့် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံက လူသားချင်း စာနာထောက်ထားရေး အခြေအနေကို အိန္ဒိယက စိုးရိမ်ပူပန်ကြောင်း ဂျေရှန်ကာက ပြောပြီး မြန်မာနိုင်ငံက အားချင်း စိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် “ပြည်သူ့ဗဟိုပြုလမ်းစဉ်” ကို အဆိုပြုခဲ့ကြောင်း Business World သတင်းအရ သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အိန္ဒိယ၏ ထောက်ခံမှုနှင့် ယင်းအရေးတွင် အာဆီယံနှင့် နီးကပ်စွာ ရပ်တည်သည့် မူဝါဒတို့ကို ၎င်းက ထပ်လောင်းအတည်ပြု ပြောဆိုသည်။

မြန်မာနှင့် အိန္ဒိယကြား နယ်စပ်ဧရိယာများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့နှင့် မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုကုန်ကူးမှုများ ထိန်းချုပ်ရေးတို့ကိုလည်း ဂျေရှန်ကာက ဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့ နယ်စပ်ဧရိယာတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကြီးကြောင်းကို အလေးထား ပြောလိုတယ်၊ အခြေအနေကို ပိုပြီး ဆိုးဝါးစေမယ့် အရာမှန်သမျှကို ရှောင်ရှားရမှာ ဖြစ်တယ်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကုန်ကူးမှုက စိုးရိမ်စရာ ဖြစ်တယ်၊ မှောင်ခိုကုန်ကူးခံရသူတွေ နေရပ်ပြန်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့တွေကြား ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတယ်”ဟု ဂျေရှန်ကာက တွစ်တာတွင် ရေးသားသည်။

အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်တွင် ယခုနှစ် မေလမှစတင်ကာ အကြမ်းဖက်မှုများ မြင့်တက်နေပြီး ကသည်းအသိုင်းအဝိုင်း၏ မျိုးနွယ်စုဖြစ်ခွင့် တောင်းဆိုမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားကာ လူ ၁၅၀ ကျော်ထက်မနည်း သေဆုံးပြီး ထောင်နှင့်ချီကာ ထိခိုက်ဒဏ်ရာ ရသည်။

မြန်မာနှင့် နယ်စပ် ကီလိုမီတာ ၁,၆၅၀ တစ်လျှောက် လုံခြုံရေးအခြေအနေ အထူးသဖြင့်၊ မဏိပူရ်၊ နာဂလန်းနှင့် မီဇိုရမ်ပြည်နယ်များ၏ လုံခြုံရေး အခြေအနေအကြောင်း ဂျေရှန်ကာက ဦးသန်းဆွေနှင့် ဆွေးနွေးခဲ့ကြောင်း တာဝန်ရှိသတင်းရင်းမြစ်များက ပြောသည်။

ယခု တွေ့ဆုံမှုတွင် ဘုံသဘောတူညီချက် ငါးရပ်နှင့်အတူ ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးနှင့် ဒီမိုကရေစီ ဖြစ်ထွန်းရေး စစ်ကောင်စီ၏ အားထုတ်မှုများနှင့် နိုင်ငံတွင်းက နောက်ဆုံး ဖြစ်ထွန်းမှုများနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စများကို ဝန်ကြီးများက ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ၏ အာဘော် Global New Light of Myanmar သတင်းက ဖော်ပြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly