မြန်မာနှင့် ထိုင်းတွင် လူကြိုက်များသည့် အလှမွေးငါးက သိပ္ပံမျိုးစိတ်သစ် ဖြစ်

မြန်မာနှင့် ထိုင်းတွင် လူကြိုက်များသည့် အလှမွေးငါးက သိပ္ပံမျိုးစိတ်သစ် ဖြစ်

တောက်ပသည့် လိမ္မော်ရောင် အမြီးနှင့် ရှည်မျောမျော နှုတ်သီးရှိသော redtail garras ငါးများသည် လူကြိုက်များသည့် အလှမွေးငါးများ ဖြစ်သည်။ ထို ငါးမျိုးကို အလှမွေးလာကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော်လည်း သိပ္ပံအားဖြင့် သရုပ်ခွဲခြင်းက မကြာသေးမီကမှ ဖြစ်၍ ၎င်းတို့၏ ဇီဝဗေဒနှင့် ပတ်သက်ကာ သိရှိရန် ခက်ခဲခဲ့သည်။

ထိုင်းနှင့် မြန်မာနယ်စပ် အတ္တရံမြစ်၏ သေးငယ်သောအပိုင်းတွင် အရေအတွက် နည်းပါးစွာရှိနေသော redtail garas (Gara panitvongi) ငါးအချို့ကို ဖလော်ရီဒါ အမျိုးသားသမိုင်းပြတိုက်မှ ပြတိုက်မှူး လာရီပေ့ချ်၏ ကွင်းဆင်းမှုအတွင်း တွေ့ရှိခဲ့သည်။ ၎င်းငါးများ၏ နေထိုင်ကျက်စားရာ နေရာသည် သီးခြားဆန်ပြီး ရောက်ဖို့ရန် ခက်ခဲသဖြင့် ကမ္ဘာ၌ အလှမွေးငါးအဖြစ် အသိအမှတ်ပြုထားသည့်တိုင် ယင်းငါးများက သဘာဝတောရိုင်းအတွင်း မထင်မရှား ရှိနေသည်။

“ကျွန်တော်တို့ မျိုးစိတ်တွေကို ပထမဆုံး စုဆောင်းတော့ ဒီ ငါးတွေဟာ မြန်မာနိုင်ငံမှာ အလှမွေးပြီး လူကြိုက်များတာကြောင့် များများပြားပြား ရှိလိမ့်မယ်လို့ ထင်ခဲ့တယ်”ဟု ပေ့ချ်က ပြောသည်။ “ဒါပေမဲ့ ဒီလို မဟုတ်ဘူး၊ ဒီ ငါးတွေဟာ အတ္တရံမြစ်ဝှမ်းမှာပဲ ရှိကြတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ၌ redtail garra ငါးများ၏ တရားဝင် အမျိုးအစား သတ်မှတ်ချက်ကို Zootaxa ဂျာနယ်တွင် ဖော်ပြထားပြီ ဖြစ်သည်။ ယင်းငါးမျိုးစိတ်အား ကမ္ဘာလုံးဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် အမျိုးအစား သတ်မှတ်ဖော်ပြထားသော Garra မျိုးစု၏ မျိုးစိတ် ၂၀၀ နီးပါးတွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။ Garras ငါးများကို အရှေ့အလယ်ပိုင်းမှသည် အိန္ဒိယ၊ အနောက်အာဖရိကနှင့် အာရှတို့တွင် တွေ့ရသည်။ သို့ရာတွင် ၎င်းတို့၏ သဘာဝသမိုင်းနှင့် ငါးမျိုးစုများကြား ဆက်နွယ်မှုကို သုတေသနပြုခြင်းက နည်းပါးသည်။

“ဒီငါးတွေရဲ့ သဘာဝသမိုင်းကြောင်းနဲ့ ပတ်သက်ရင် အံ့ဩစရာကောင်းလောက်အောင် သတင်းအချက်အလက် နည်းပါးတယ်”ဟု ပေ့ချ်က ဆိုသည်။ “ဒီငါးတွေ အများစုဟာ အစီးသန်တဲ့ ရေမှာ နေကြတယ်၊ အောက်နှုတ်ခမ်းပုံစံက ဓာတ်ပြားပုံစံမျိုး ရှိထားပြီး ဒါနဲ့ ကျောက်တုံးကျောက်ခဲတွေမှာ တွယ်ကွပ်နေပြီး အစာ စားချိန်မှာ အနေအထားကို ထိန်းထားနိုင်တယ်”ဟု ၎င်းက ပြောသည်။

Redtail garras ငါးများသည် ၎င်းတို့၏ ထူးခြားသည့် နှုတ်သီးအစိတ်အပိုင်းများကို အသုံးပြုပြီး ကျောက်တုံးကျောက်ခဲများမှ ရေညှိရေမှော်များကို စားသုံးကြပြီး တစ်ခါတစ်ရံ အင်းဆက်ပိုးမွှားများကိုပါ စားတတ်သည်။ ၎င်းတို့၏ ‘သန့်ရှင်းသော ပုံပန်းသွင်ပြင်” ကြောင့် အလှမွေးငါးများ ဖြစ်နေကြခြင်းပဲ ဖြစ်သည်။ ၎င်းတို့တွင် အဖုငယ်များ ဖုံးလွှမ်းထားသည့် တမူထူးသော နှုတ်သီးများ ရှိကြပြီး လက်နက်သဖွယ် အသုံးချနိုင်သည်။ ၎င်းတို့၏ ရှည်မျောမျော နှုတ်သီးနှင့် အနီရောင်အမြီးတို့ကြောင့် တမူကွဲပြားစေသည်။

Redtail garra အား နောက်ပိုင်း မျိုးစိတ်သစ်အဖြစ် ခွဲခြားသတ်မှတ်လာနိုင်ခြင်းက သုတေသနပြုခြင်း နည်းပါးလျက်ရှိသည့် အရေး၌ ၎င်းတို့၏ ဇီဝဖြစ်တည်မှုကို ပိုမို နားလည်သိရှိရန် လိုအပ်ချက်ပဲ ဖြစ်သည်ဟု ဆောင်းပါးရေးသားသူက ဆိုသည်။ အရှေ့တောင်အာရှမှ ငါးမျိုး တော်တော်များများကို အခြားသော ဒေသများမှ မျိုးစိတ်များကဲ့သို့ အမျိုးအစား ခွဲခြားသတ်မှတ်ခြင်း မရှိခြင်းကြောင်း ၎င်းတို့၏ တမူကွဲမှုကို လျော့တွက်ခြင်းသို့ ဦးတည်စေသည်။

ယခု မျိုးစိတ်သစ်ကို ထိုင်းစီးပွားရေးသမားနှင့် သဘာဝပညာရှင် Nonn Panitvong ၏ သက်ရှိဝန်းကျင် ထိန်းသိမ်းမှု အားထုတ်မှုများကို ဂုဏ်ပြုပြီး Garra panitvongi ဟု အမည်ပေးထားခြင်း ဖြစ်သည်။ Panitvong သည် ငယ်ရွယ်စဉ်ကပင် သဘာဝပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားခဲ့ပြီး ထိုင်းနိုင်ငံ၏ ဒေသရင်း အပင်များနှင့် တိရစ္ဆာန်များအကြောင်း မျှဝေရန် Siamensis.org ကို ဖန်တီးခဲ့သည်။ သူဖခင်၏ ငါးမျှားခရီးစဉ်များက သူ့အား ထိုင်းနိုင်ငံ၏ ရေနေသက်ရှိများအကြောင်း အထူးစိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်ဟု ၎င်းက ပြောသည်။

“နှစ်တော်တော်များများပဲ၊ ကျွန််တော်တို့ ငါးဖမ်းထွက်တဲ့ နေရာအတော်များများဟာ သဘာဝပတ်ဝန်းကျင် ဆိုးဝါးလာတာကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်၊ ငါးတွေ တော်တော်နည်းလာတယ်၊ ငါးအုပ်တွေဟာ အခြေအနေ ပိုဆိုးလာပြီး ဒေသရင်းငါးတွေ အရေအတွက် နည်းလာပြီး ကျူးကျော်တဲ့ မျိုးရင်းတွေ ပိုများလာတယ်”ဟု Panitvong က ပြောသည်။

Redtail garra ကဲ့သို့ ငါးအား တွေ့ရှိခြင်းနှင့် မျိုးစိတ်သစ်အဖြစ် သတ်မှတ်နိုင်ခြင်းသည် ကမ္ဘာ၏ သက်ရှိလောကကို ပိုမိုနားလည်စေနိုင်ပြီး မိမိတို့၏ ကမ္ဘာမြေကို တန်ဖိုးထား တတ်စေနိုင်ကြောင်း ၎င်းက ပြောသည်။

“အဖြူရောင် ဆေးသုတ်ထားတဲ့ အခန်းကျယ်ကြီးထဲ ကျွန်တော်တို့ လူသားတွေကို ထားထားမယ်ဆိုရင် ကျွန်တော် စိတ်ကူးကြည့်မိတယ်၊ ကျွန်တော်တို့ ဒီအခန်းကျယ်ကြီးထဲ ပတ်သွားနေမယ်ဆိုရင် ဘယ်ကို ဦးတည်ရမလဲဆိုတာ သိနိုင်လိမ့်မှာ မဟုတ်ဘူး”ဟု Panitvong က ပြောသည်။ “ဒီနေရာမှာ အသစ်တွေ့ရှိချက်တွေ ရှိလာပြီ၊ အစက်အပြောက်တွေ၊ အမှတ်အသားတွေ မှတ်သားလာနိုင်ပြီဆိုရင်တော့ ကျွန်တော်တို့ဟာ မျိုးစိတ်တွေအဖြစ် နေထိုင်နေတဲ့ နေရာအကြောင်း ပိုပြီး သိရှိလာမယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly