အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးမှုရှိမည်ဆိုက ရုပ်ရှင်လောကကို သုံးလအတွင်း အပြောင်းအလဲလုပ်နိုင်ဟု လူမင်းပြော

အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးမှုရှိမည်ဆိုက ရုပ်ရှင်လောကကို သုံးလအတွင်း အပြောင်းအလဲလုပ်နိုင်ဟု လူမင်းပြော

ရန်ကုန်၊ ဧပြီ ၃ ။ ။ အစိုးရသစ် လက်ထက်တွင် တရားဥပဒေ စိုးမိုးမှုများသာရှိခဲ့လျှင် ရုပ်ရှင်လောကအနေဖြင့် သုံးလအတွင်း အပြောင်းအလဲ ဖြစ်လာမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် အာမခံကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ဧပြီ ၃ရက်က ၂၀၁၄ခုနှစ် နှင့် ၂၀၁၅ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ 

“ဒီအချိန်မှာတော့ ကျွန်တော် မာမာထန်ထန်ပြောခွင့်ရပါပြီ။ တရားဥပဒေစိုးမိုးရေးကို အစဉ်တစိုက် လုပ်ခဲ့တဲ့သူက နိုင်ငံ့ခေါင်းဆောင် ဖြစ်လာပြီဖြစ်တဲ့အတွက် ဒီနေရာကနေ အားကိုးရပါတယ်၊ တရား ဥပဒေစိုးမိုးရေးသာ နိုင်ငံနဲ့ ချီပြီး ထိထိရောက်ရောက်လေးသာ ဆောင်ရွက်သွားမယ်ဆိုရင် ဒီအခမ်းနားကိုတက်ရောက်လာတဲ့ လောကသားတွေ ခေါင်းထောင်နိုင်ပါပြီ" ဟု လူမင်းက ပြောသည်။ 

မြန်မာနိုင်ငံ၏ ရုပ်ရှင်၊ အနုပညာလောကတွင် ဗီဒီယိုအခွေများ ဖြန့်ချိမှုကို အဓိက အားထားနေရသော်လည်း တရားဥပဒေစိုးမိုးမှု လျော့နည်းသည့်အတွက် ရုပ်ရှင်လောကတွင် ဗီဒီယိုဖြန့်ချိရေး စနစ် ဆုံးဆုံးမြုပ်မည့် အနေအထားတွင် ရှိနေသည်ဟု ၎င်းက ပြောသည်။ 

"ဘာကြောင့် ဒီဗီဒီယိုအခွေတွေကို အားထားနေရလဲဆိုရင် တစ်နိုင်ငံလုံး လူဦးရေ သန်း၅၀ကျော်တွင် ရုပ်ရှင်ပြသနိုင်ရန် screen ၄၉ခုသာရှိပြီး၊ လူ ၁၀သိန်းအထက်တွင် ပိတ်ကားတစ်ခုနှုန်းသာ ရှိသည့်အတွက် ရုပ်ရှင်ရိုက်ကူးရေး တစ်ခုတည်းနဲ့ ရုပ်ရှင်လောကမှာ လုပ်စားရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တဲ့အတွက်  ဗွီဒီယိုကို အားကိုးရပ်တည်နေရပါတယ်" ဟု လူမင်းက ပြောသည်။

ရုပ်ရှင်လောက ရပ်တည်ရေးတွင် တရားဥပဒေ စိုးမိုးမှုပေါ်တွင် မူတည်သောကြောင့် ယခုတက်လာသည့် အစိုးရကာလတွင်မူ ၎င်းအနေဖြင့် မာမာထန်ထန် အာကိုးလို့ရနေပါပြီဟုလည်း လူမင်းကပြောသည်။

သို့သော် အစိုးရသစ်ကို ရုပ်ရှင်၊ အနုပညာလောကသားများက စောင့်ကြည့်ဦးမည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly