အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ့အရေး လွှမ်းမိုးမည်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ့အရေး လွှမ်းမိုးမည်

ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ အရှေ့တောင်အာရှဒေသ၏ ထိပ်တန်းသံတမန်များ စုဝေးဆွေးနွေးကြချိန်တွင် မြန်မာ၏ ရှည်ကြာနေသော ပဋိပက္ခအကျပ်အတည်းကိစ္စ၊ အငြင်းပွားတောင်တရုတ်ပင်လယ် တင်းမာမှုများနှင့် ဒေသ၌ စစ်လက်နက်များ တဖြည်းဖြည်းများလာမှုအပေါ် စိုးရိမ်ပူပန်မှုများ စသည့် အရေးကိစ္စများက လွှမ်းမိုးဖွယ် ရှိသည်။

ထို့ပြင် ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှုနှင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကိစ္စတို့ကလည်း အာရုံစိုက်ခံရလိမ့်မည် ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း တို့လည်း အင်ဒိုနီးရှား၏ မြို့တော် ဂျကာတာ၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေးဖက် ပါတနာများအဖြစ် ပါဝင်ကြမည် ဖြစ်သည်။

နှစ်စဉ် ပြုလုပ်သည့် ဒေသ လုံခြုံရေး အစည်းအဝေးဖြစ်သည့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟွေ တက်ရောက်မည်လား ဆိုသည်ကို မြောက်ကိုရီးယားက ပြောကြားခြင်း မရှိသေးပေ။

ကမ္ဘာပေါ်ရှိ ခဲကတ်မှုအဖြစ်ဆုံး ပဋိပက္ခများအတွင်းရှိ အဓိကပုဂ္ဂိုလ်များအနက် မည်သူတို့က အဖွဲ့၏ ဝန်ကြီးအဆင့် အစည်းအဝေးများ၏ ဘေးပန်းပြင်ပတွင် သီးခြားတွေ့ဆုံလိမ့်မည်လဲ ဆိုသည်နှင့်ပတ်သက်၍လည်း ရှင်းရှင်းလင်းလင်း မသိရပေ။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့ ပါဝင်သည့် အာဆီယံအုပ်စု၏ ထိပ်တန်းသံတမန်များသည် ဇူလိုင် ၁၁ ရက်နှင့် ဇူလိုင် ၁၂ ရက်တို့တွင် တွေ့ဆုံကြမည် ဖြစ်ပြီး ယင်းနောက် ကြာသပတေးနှင့် သောကြာနေ့တို့တွင် ၎င်းတို့၏ အခြားသော အာရှနှင့် အနောက်နိုင်ငံများမှ အဆင့်တူပုဂ္ဂိုလ်များက ဆွေးနွေးမှုများတွင် ပါဝင်ကြလိမ့်မည်ဖြစ်သည်။

မြန်မာတွင် ၂၀၂၁ ဖေဖေါ်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီး နိုင်ငံကို လူသေဆုံးစေသော ဖရိုဖရဲအခြေအနေများအောက် ကျရောက်စေခဲ့ပြီးနောက် အာဆီယံ၏ မူဝါဒများမှာ စမ်းသပ်ခံထားရသည်။ အာဆီယံအဖွဲ့ ထူထောင်ပြီးနောက်ပိုင်း မြန်မာ့အရေးက အဖွဲ့အတွက် အကြီးလေးဆုံး အကျပ်အတည်းများအနက် တစ်ခုဖြစ်လာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူများအပါအဝင် အရပ်သား ၃,၇၅၀ ဦးကျော်သည် စစ်အုပ်စုလက်အောက်ခံ အဖွဲ့များကြောင့် သေဆုံးခဲ့ရပြီး လူ ၂၄,၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အရ သိရသည်။

အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းရေး၊ သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးရေး တို့ ပါဝင်သည့် အာဆီယံ ခေါင်းဆောင်များ ချမှတ်သော ဘုံသဘောတူညီချက် ငါးရပ် အစီအစဉ်ကို မြန်မာအာဏာသိမ်းစစ်တပ်က မသိကျိုးကျွန်ပြုထားသည်။

ယင်းအတွက်ကြောင့် အာဆီယံအနေဖြင့် အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် ကျင်းပမည့် ဝန်ကြီးအဆင့် အစည်းအဝေးများ အပါအဝင် အဆင့်မြင့်လယ်ဗယ် အစည်းအဝေးများ၌ မြန်မာစစ်ခေါင်းဆောင်များကို တက်ရောက်ခွင့် ပိတ်ပင်ခြင်း အပါအဝင် မကြုံစဖူးသော ဒဏ်ခတ်သည့် လုပ်ဆောင်ချက်များကို လုပ်ခဲ့သည်။

အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အချာအာဏာ အရေးကိစ္စများတွင် ဝင်မစွက်ရ ဆိုသည့် ကာလကြာ မူတစ်ရပ် ရှိသော်လည်း မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်ရာတွင် ပိုမို ရဲတင်းခိုင်မာစွာ လုပ်ဆောင်ရေး နိုင်ငံတချို့က တောင်းဆိုထားသည်။

ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူပြီးကတည်းက အင်ဒိုနီးရှားသည် မြန်မာရှိ အဖွဲ့အုပ်စု အသီးသီးနှင့် တွေ့ဆုံမှု ၁၁၀ ခန့် လုပ်ထားကြောင်းနှင့် ယုံကြည်မှု တည်ဆောက်ရန် လူသားချင်းစာနာမှု အကူအညီများ ပေးထားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ပြောသည်။ အကြမ်းဖက်မှုများ ဆက်ရှိနေခြင်းက ပဋိပက္ခဒဏ်သင့် နိုင်ငံကို ပုံမှန် အခြေအနေပြန်ဖြစ်စေရေး အာဆီယံအုပ်စုအတွင်း ကြိုးပမ်းမှုများအပေါ် ထိခိုက်စေလိမ့်မည်ဟု သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly