ထိုင်းလွှတ်တော်သစ် ယနေ့ ဇူလိုင် ၃ ရက်တွင် စတင်ခေါ်ယူမည်

ထိုင်းလွှတ်တော်သစ် ယနေ့ ဇူလိုင် ၃ ရက်တွင် စတင်ခေါ်ယူမည်
Photo - AFP

ထိုင်းနိုင်ငံတွင် ပါလီမန်လွှတ်တော်အစည်းအဝေးများကို ယနေ့ ဇူလိုင် ၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ထိုင်းဘုရင် မဟာ ဝီဇယလောင်ကွန်းက လွှတ်တော်ကို အခမ်းအနားဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။

ယခု လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပခြင်းက ပြီးခဲ့သည့် သီတင်းပတ်ခြောက်ပတ်အကြာက ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရပြီးနောက် အစိုးရတစ်ရပ် ဖွဲ့ရန် တိုးတက် (ဝါဒီ) ရှေ့သို့ချီ ပါတီ၏ ကြိုးပမ်းမှုအတွက် အခါအခွင့်ပေးမည် ဖြစ်သည်။

ရှေ့သို့ချီ ပါတီသည် လူငယ် မဲဆန္ဒရှင်များနှင့် မြို့တော်ဘန်ကောက်ထံမှ ထောက်ခံမှု အများအပြားကို အနိုင်ရခဲ့ပြီး ဩဇာရှိ ရှေးရိုးဝါဒီ ဆန့်ကျင်ရေး ပလက်ဖောင်းတစ်ခုနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် ထူးကဲစွာ မဲဆွယ်စည်းရုံးခဲ့သည်ဖြစ်ရာ ယင်းသည် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့ရန် လုံလောက်သည့် ထောက်ခံမှု ရရေး ၎င်းတို့၏ အားထုတ်မှုအပေါ် ခက်ခဲရှုပ်ထွေးစေနိုင်သည်။

ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် ရှေ့သို့ချီ ပါတီနှင့် သာမန်လူထု အကျိုးမျှော် ဝါဒီ ဖျူထိုင်းပါတီတို့သည် နိုင်ငံ၌ ၂၀၁၄ အာဏာသိမ်းမှုနောက်ပိုင်း အစိုးရကို ထိန်းချုပ်ထားခဲ့သော ဘုရင်စနစ်ထောက်ခံသူစစ်တပ်နှင့် မဟာမိတ်ပြုထားသည့် ပါတီများအပေါ် အပြတ်အသတ်အနိုင်ရကာ အောက်လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရခဲ့သည်။ ရှေ့သို့ချီ ပါတီသည် ပါလီမန်တွင် ဖျူထိုင်းပါတီနှင့် လက်တွဲမည် ဖြစ်သည်။

သို့သော် လွှတ်တော် စမခေါ်မီ နာရီပိုင်းအလိုတွင်ပင် စိန်ခေါ်မှုတို့က ရှိနေပြီး ဖျူထိုင်းနှင့် ရှေ့သို့ချီ ပါတီတို့သည် အောက်လွှတ်တော် ဥက္ကဋ္ဌ ရာထူး မည်သူက ရယူမလဲ ဆိုသည်နှင့်ပတ်သက်ပြီး အငြင်းပွားမှုတို့ ရှိနေဆဲဖြစ်သည်။ အဆိုပါ အောက်လွှတ်တော်ဥက္ကဋ္ဌ ရာထူးသည် အခရာကျသော ဥပဒေများကို အတည်ပြုခြင်းနှင့် အရေးပါသော မဲများအပေါ် အချိန်ကိုက် လုပ်ဆောင်ခြင်းတို့ကို ဆုံးဖြတ်နိုင်သည့် အရေးပါသော နေရာတစ်ခုဖြစ်သည်။

ဖျူထိုင်းနှင့် ရှေ့သို့ချီ တို့သည် ပါတီ ရှစ်ခုပါသော မဟာမိတ်အုပ်စုတွင် ပါဝင်ပြီး ၎င်းတို့သည် လာမည့် ရက်များအတွင်း ဆုံးဖြတ်သွားရမည့် လွှတ်တော်ဥက္ကဋ္ဌ နေရာနှင့်ပတ်သက်ပြီး အငြင်းပွားမှုရှိသည် ဆိုသော ပြောဆိုချက်များကို  ဘေးချိတ်ရန် ကြိုးပမ်းထားခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ဖျူထိုင်းပါတီအနေနဲ့ အပြီးအပြတ် ဆုံးဖြတ်ချက် ချထားပြီးပါပြီ။ မနက်ဖြန် အောက်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်မှုက တိကျတဲ့ ဦးတည်ချက်တစ်ခု ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို စိတ်ဓာတ်ကျအောင် လုပ်မှာမဟုတ်ပါဘူး” ဟု ဖျူထိုင်းပါတီလွှတ်တော်အမတ် ဆုတင် ခလန်းဆာအန်းက သတင်းထောက်များကို ပြောသည်။

လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပြီးပါက လွှတ်တော် ဥက္ကဋ္ဌသည် ဝန်ကြီးချုပ်နေရာအတွက် ဆုံးဖြတ်မည့် ပါလီမန် ပူးတွဲအစည်းအဝေးအခမ်းအနားတစ်ခုကို အဆိုတင်ရလိမ့်မည် ဖြစ်သည်။ ဝန်ကြီးချုပ်နေရာအတွက် အနိုင်ရရှိရန် လွှတ်တော်နှစ်ရပ်၏ ကိုယ်စားလှယ် ၇၅၀ ဦးအနက် ထက်ဝက်ကျော်၏ ထောက်ခံမဲများကို ရရန် လိုအပ်သည်။

မဟာမိတ်အုပ်စုသည် ရှေ့သို့ချီ ပါတီ ခေါင်းဆောင် အသက် ၄၂ နှစ်ရှိ ဖိထာ လင်ဂျရွန်ရတ်ကို ဝန်ကြီးချုပ်ဖြစ်လာစေရန် ထောက်ခံလျက်ရှိသည်။ မဟာမိတ်အုပ်စုတွင် အမတ်နေရာ ၃၁၂ နေရာ ရှိပြီး ဖိထာအနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ရန် ထောက်ခံမဲ ၃၇၆ မဲ လိုအပ်မည်ဖြစ်သည်။

ယင်းအတွက်ကြောင့် ၎င်းအနေဖြင့် အခြားသော ပြိုင်ဘက်ပါတီများထံမှ သို့မဟုတ် စစ်တပ်လက်အောက် ခန့်အပ်ခံထားရသော ကွန်ဆာဗေးတစ်ယိမ်းသည့် ဆိနိတ်အမတ်များထံမှ နောက်ထပ် ထောက်ခံမဲ ၆၄ မဲ ရရှိရန် လိုအပ်မည်ဖြစ်သည်။

မိမိအနေဖြင့် ဆိနိတ်တွင် လုံလောက်သည့် ထောက်ခံမှုကို ရရှိထားကြောင်း မစ္စတာ ဖိထာက ပြီးခဲ့သည့် သီတင်းပတ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly