ပင်လယ်ပြင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တရုတ်နှင့် ဗီယက်နမ်တို့ သဘောတူ

ပင်လယ်ပြင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တရုတ်နှင့် ဗီယက်နမ်တို့ သဘောတူ

ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်းသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ၏ သမ္မတဖြစ်သော ရှီကျင့်ဖျင်နှင့် ပေကျင်းတွင် အင်္ဂါနေ့၌ တွေ့ဆုံဆွေးနွေးပြီး အဆိုပါ ဆွေးနွေးပွဲ၌ ပင်လယ်ပြင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများ မြှင့်တင်ရေးတို့ကို သဘောတူခဲ့ကြသည်။

ဗီယက်နမ်ဝန်ကြီးချုပ်၏ တရုတ်သို့ တရားဝင်ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပေကျင်း၌ အင်္ဂါနေ့၌ ထိုတွေ့ဆုံမှုအတွင်း တရုတ်နှင့် တည်ငြိမ်သော၊ ကျန်းမာသော၊ ခိုင်မြဲသော၊ ရေရှည်ဆက်ဆံရေးသည် ဗီယက်နမ်၏ လွတ်လပ်သော၊ မှီခိုမှုကင်းသော၊ ဘက်ပေါင်းစုံပါဝင်သည့် နိုင်ငံခြားရေးမူဝါဒသို့ ချည်းကပ်ခြင်း၌ အစဉ်အမြဲ မဟာဗျူဟာမြောက် ရွေးချယ်မှု ဖြစ်သကဲ့သို့ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဝန်ကြီးချုပ် ချင်းက ‌အလေးထား ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်နိုင်ငံနှင့် ပြည်သူတို့အား ခေတ်မီသော နိုင်ငံအဖြစ် အသွင်ပြောင်းလဲနေခြင်းကို ဝန်ကြီးချုပ် ချင်းက အသိအမှတ်ပြု ပြောဆိုသည်။

ဗီယက်နမ် အာဏာရပါတီ၏ အတွင်းရေးမှူးချုပ် ငုယင် ဖျူ ထရွန်၊ သမ္မတ ဗိုဗန်သူရောင်းနှင့် ကွန်မြူနစ်ပါတီ အခြားသော ခေါင်းဆောင်များက ရှီကျင့်ဖျင်အတွက် ဆုတောင်းမေတ္တာ ပေးပို့ကြောင်းကိုလည်း ၎င်းက ပြောဆိုခဲ့သည်။

 အပြန်အလှန်အားဖြင့် သမ္မတ ရှီကျင့်ဖျင်က ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုများ ဆောင်ကြဉ်းနိုင်ခြင်းအတွက် အသိအမှတ်ပြု ဂုဏ်ယူကြောင်း ပြောဆိုသည်။ ၁၃ ကြိမ်မြောက် အမျိုးသားညီလာခံ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်းနှင့် ဗီယက်နမ်အား ဝင်ငွေမြင့် ဖွံ့ဖြိုးသော နိုင်ငံအဖြစ် ဖော်ဆောင်နိုင်ခြင်းတို့အတွက် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ပိုင်းကို အားပေးထောက်ခံကာ ယုံကြည်မှု ရှိကြောင်း ရှီကျင့်ဖျင်က အခိုင်အမာ ပြောဆိုသည်။

နှစ်ဖက်စလုံးသည် ဗီယက်နမ်-တရုတ် ဆက်ဆံရေး၏ အပြုသဘောဆောင်သော ဖွံ့ဖြိုးမှု အရှိန်ဟုန်ကို ဝမ်းမြောက်ကြောင်း ဖော်ပြပြီး နှစ်နိုင်ငံကြား အစဉ်အလာ မိတ်ဖက်ဆက်ဆံရေးကို အလေးထား ပြောဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly