ဝန်ကြီးချုပ်ဖြစ်ရန် လွှတ်တော်၌ လုံလောက်သည့် ထောက်ခံမှု ရထားဟု ထိုင်းရွေးကောက်ပွဲအနိုင်ရ ခေါင်းဆောင် ပြော

ဝန်ကြီးချုပ်ဖြစ်ရန် လွှတ်တော်၌ လုံလောက်သည့် ထောက်ခံမှု ရထားဟု ထိုင်းရွေးကောက်ပွဲအနိုင်ရ ခေါင်းဆောင် ပြော
Photo - AFP

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာရန်အတွက် အထက်လွှတ်တော်တွင် လုံလောက်သည့် ထောက်ခံမှု ရထားကြောင်း ဦးဆောင် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ပီတာ လင်ဂျာရွန်ရတ်က လွှတ်တော် ပထမအစည်းအဝေးများ ကျင်းပရန် ရက်ပိုင်းအလို အင်္ဂါနေ့၌ ပြောသည်။

တိုးတက်သော Move Forward Party ပါတီ၏ ခေါင်းဆောင် ပီတာသည် ထိုင်းပြည်သူများက စစ်တပ်နောက်ခံသော အစိုးရ၏ ကိုးနှစ်နီးပါး အုပ်ချုပ်မှုကို ငြင်းပယ်လိုက်သော မေလရွေးကောက်ပွဲများ၌ အံ့အားသင့်စဖွယ် အနိုင်ရခဲ့လင့်ကစား ဝန်ကြီးချုပ် ဖြစ်လာရေး မသေချာသည့် လမ်းကြောင်းများနှင့် ရင်ဆိုင်နေရသည်။

၎င်း၏ ရှစ်ပါတီပါ ညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်၌ အမတ်နေရာ ၃၁၂ နေရာ ရရှိထားသည်။ ဖွဲ့စည်းပုံအရမူ ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် ပီတာအနေဖြင့် လွှတ်တော်နှစ်ရပ်၌ အနည်းဆုံး မဲ ၃၇၆ မဲ လိုအပ်မည်ဖြစ်သည်။ အမတ်နေရာ ၂၅၀ ပါဝင်သော အထက်လွှတ်တော်သည် အများစုမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့သည့် စစ်တပ်က ခန့်အပ်သူ အများစု ဖြစ်သည်။

အထက်လွှတ်တော်၌ မည်မျှထောက်ခံမှု ရထားသနည်းဟု အင်္ဂါနေ့က မေးမြန်းမှုကို “ကျွန်တော် ဝန်ကြီးချုပ်ဖြစ်လာဖို့ လုံလောက်စွာ ရထားပါတယ်”ဟု ပီတာက ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ တင်းကျပ်သော တော်ဝင်ဥပဒေများကို ပြင်ဆင်မည်ဟု ၎င်း၏ ပါတီက အငြင်းပွားဖွယ် အဆိုပြုထားခြင်းကြောင့် ပီတာအနေဖြင့် ထောက်ခံမှု လုံလုံလောက်လောက် ရရှိပါ့မလားဆိုကာ သံသယများ ရှိနေခဲ့ကြခြင်း ဖြစ်သည်။ ဘုရင်စနစ်ကို ဆန့်ကျင်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သော အဆိုပါ ဥပဒေတို့ကို လက်ရှိအစိုးရက အတိုက်အခံများအပေါ် နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေကြောင်း Move Forward ပါတီက ပြောထားသည်။

အဆိုပါ ရပ်တည်သဘောထားက နိုင်ငံ၏ တော်ဝင်အသိုင်းအဝိုင်းနှင့် ကွန်ဆာဗေးတစ် ကြီးစိုးသော အထက်လွှတ်တော်အပါအဝင် အထက်တန်းလွှာများအတွက် လက်မခံနိုင်စရာ ဖြစ်စေသည်။

ပါတီသည် ဇူလိုင်လ လွှတ်တော်မဲပေးမှု မတိုင်ခင် ရပ်တည်ချက် အခြေအနေကို လွှတ်တော်အမတ်များအား ရှင်းလင်းပြောဆိုနေကြောင်း ပီတာက ပြောသည်။

“လူမှုရေးရှုထောင့်နဲ့အတူ ဥပဒေကို ပြင်ဆင်တာဟာ အစိုးရဖွဲ့စည်းမှုကို ရပ်တန့်စေမှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

ဇူလိုင် ၃ ရက်၌ စည်းဝေးသည့်နောက်တွင် လွှတ်တော်သည် ဇူလိုင် ၁၃ ရက်တွင် ဝန်ကြီးချုပ်အား ရွေးကောက်ရဖြစ်ရန် ရှိနေသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly