ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်

By မဇ္ဈိမ 
26 June 2023
ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်

မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့  ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ကို အာဏာသိမ်း စစ်ကောင်စီက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းက အပြုသဘော ပူးပေါင်းပေးကြဖို့လိုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့လိုတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့  ဇွန်လ ၂၅ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ကြိုးစားနေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နားလည်မှု၊ အားပေးမှုနဲ့ အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများ ပေးအပ်ရန်လိုအပ်ကြောင်း ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ပြားစေတဲ့ မည်သည့်အကြမ်းဖက်မှု လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ရှုတ်ချသွားရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားထားပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ထည့်သွင်းတောင်းဆိုသွားတဲ့ မြန်မာနိုင်ငံအတွင်း ဥပဒေမဲ့ ဖမ်းဆီးခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုမှုနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းချက်ထုတ်ထားပါတယ်။

စစ်ကောင်စီက ဘယ်သူ့ကိုမှ ဥပဒေမဲ့ ဖမ်းဆီးထားတာမရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly