Wagner ကြေးစားတပ်နှင့် ပတ်သက်ပြီး အပြစ်ပေးမည်ဟု ပူတင်ပြော

Wagner ကြေးစားတပ်နှင့် ပတ်သက်ပြီး အပြစ်ပေးမည်ဟု ပူတင်ပြော

ရုရှစစ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု Wagner ကြေးစားတပ် အကြီးအကဲက ပြောလာသည့်နောက်ပိုင်း၌ ရုရှသမ္မတ ဗလာဒီမာ ပူတင်က ရုရှလူ့အဖွဲ့အစည်းကို ခွဲထုတ်သူများကို “မလွဲဧကန် အပြစ်ပေးသွားမည်” ဟု သတိပေး ပြောဆိုလာသည်။

ပူတင်က ရုပ်မြင်သံကြားမှနေ၍ မိန့်ခွန်းပြောဆိုရာတွင် Wagner ကြေးစားတပ် အကြီးအကဲ ပရီဂိုဇင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းရေးအတွက် “လိုအပ်သမျှ အမိန့်များ ထုတ်ထားပြီ”ဟု အလေးအနက်ထား ပြောဆိုသည်။

ယူကရိန်းတွင် ရုရှပုံမှန်တပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ပေးနေသော Wagner ကြေးစားတပ်၏ အကြီးအကဲကို ရုရှက တပ်တွင်းပုန်ကန်သည်ဟု စွပ်စွဲထားပြီး ၎င်းအကြီးအကဲကလည်း စစ်ရေးစစ်ရာနှင့် ပတ်သက်ပြီး ရုရှကာကွယ်ရေးဝန်ကြီးဌာနကို အပြစ်ဆိုကာ ရုရှစစ်ခေါင်းဆောင်များကို ဖြုတ်ချသွားမည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။

ထိုသို့ ပြောဆိုသည့်နောက် နိုင်ငံသို့ ပထမဆုံးမိန့်ခွန်းပြောရာတွင် ပူတင်က တပ်များအားလုံး စုစည်းခိုင်မာရေးကို တိုက်တွန်းပြီး အဖြစ်အပျက်မှာ “သစ္စာဖောက်ခြင်း”ပင် ဖြစ်ကာ “မိမိတို့ ပြည်သူများ၏ နောက်ကျောကို ဓားနဲ့ထိုးခြင်း” ဟု ပြောဆိုသည်။

ယူကရိန်းစစ်ပွဲတွင် မည်သို့ တိုက်ခိုက်ကြမည်ဆိုခြင်းနှင့်ပတ်သက်ပြီး Wagner ကြေးစားတပ်နှင့် ရုရှတပ်တို့ကြား တင်းမာမှုများ ကြီးထွားနေခဲ့ခြင်းဖြစ်ကာ ကုန်လွန်ခဲ့သော လပိုင်း၌ ပရီဂိုဇင်းသည် ရုရှတပ်ခေါင်းဆောင်းပိုင်းကို ထုတ်ဖော်ဝေဖန်ခြင်းများ ပြုလုပ်လာခဲ့သည်။

အရပ်သားယာဉ်တန်းကို တိုက်ခိုက်သည့် ရုရှစစ်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ ထိုပြင် ရုရှစစ်တပ်က Wagner တပ်များကို အသေအဆုံးများသော ဒုံးကျည်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ၎င်းက စွပ်စွဲပြောဆိုသော်လည်း ရုရှအာဏာပိုင်များက ငြင်းဆန်ပြီး “တရားမဲ့ လုပ်ရပ်များ” ရပ်တန့်ရန် ပြောဆိုသည်။

လက်ရှိတွင် Wagner တိုက်ခိုက်ရေးသမားများက ယူကရိန်းမှ ရုရှဆီ နယ်စပ်ဖြတ်ကျော်ကာ ရိုစတော့ဗ်-အွန်-ဒွန်မြို့အတွင်း ဝင်ရောက်နေပြီး ရုရှစစ်တပ်ခေါင်းဆောင်ပိုင်းကို ဖြုတ်ချရန် နည်းလမ်းကုန် လုပ်ဆောင်သွားမည်ဟု ပရီဂိုဇင်းက ပြောလာပြီးနောက် ပူတင်က ပထမဆုံး မိန့်ခွန်းပြောခြင်းပဲ ဖြစ်သည်။

ပူတင်၏ အဆိုပါ မိန့်ခွန်းပြောဆိုပြီး စက္ကန့်ပိုင်းမှာပင် စိန့်ပီတာစဘတ်ရှိ Wagner ရုံးချုပ်ကို ရုရှလုံခြုံရေးတပ်များ ဝင်ရောက်စီးနင်းပုံ ရှိသည်ဟု ဘီဘီစီက နောက်ဆုံးသတင်းဖော်ပြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly