အဓိကကျသော အာဆီယံအဖွဲ့ဝင်များ မတက်ရောက်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်း ကျင်းပ

အဓိကကျသော အာဆီယံအဖွဲ့ဝင်များ မတက်ရောက်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်း ကျင်းပ

ဖယ်ကြဉ်ခံထားရသော မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ရည်ရွယ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်တွင် ထိုင်းက အိမ်ရှင်အဖြစ် ကျင်းပပြီး တစ်ဆက်တည်းမှာပင် ထို ဆွေးနွေးပွဲ ပြုလုပ်ရခြင်းက လျော်ကန်သင့်မြတ်ကြောင်း ထိုင်းအိမ်စောင့်အစိုးရက ပြောသည်။ ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မိမိတို့နယ်စပ်ကို ကာကွယ်ရန် ယခု ဆွေးနွေးပွဲကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ထိုင်းက ပြောသော်လည်း ထိုအစည်းအဝေးတွင် အရေးပါသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်း မရှိပေ။

မြန်မာစစ်တပ်၏ စစ်ဗိုလ်ချုပ်ကြီးများသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီး ၎င်းတို့အပေါ် ဆန့်ကျင်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ပြီးနောက်တွင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စု၏ အဆင့်မြင့်လယ်ဗယ် အစည်းအဝေးများ၌ တက်ရောက်ခွင့်မရဘဲ ပိတ်ပင်ခံထားရသည်။

သို့သော် ထိုင်း၏ ရာထူးစွန့်ရတော့မည့် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရသည် ခေါင်းဆောင်များ လယ်ဗယ်၌ မြန်မာနှင့် အပြည့်အဝ ပြန်လည် ဆက်ဆံရန် အာဆီယံအုပ်စုအတွက် အဆိုပြုချက်တစ်ရပ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားခဲ့ကြောင်း ရိုက်တာက ကြည့်ခွင့်ရခဲ့သည့် သတင်းရင်းမြစ်များက အတည်ပြုခဲ့သော ဖိတ်ကြားချက်တစ်ခုအရ သိရသည်။

မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ စည်းလုံးညီညွတ်သော အာဆီယံ၏ ချဉ်းကပ်လုပ်ဆောင်မှုအပေါ် ယခု အစည်းအဝေးက ထိခိုက်တိုက်စားစေသည်ဟု ဝေဖန်သူများက ပြောသည်။ သို့သော် မြန်မာနှင့် ရှည်လျားသော နယ်စပ်တစ်ခု ထိစပ်နေသည့် မိမိတို့နိုင်ငံကို ကာကွယ်ရန် ဆွေးနွေးပြောဆိုမှုများ လုပ်ရန် လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆိုသည်။

“မိမိတို့ဟာ အခြားနိုင်ငံတွေထက် ပိုပြီး ထိခိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းဟာ မြန်မာနဲ့ ကုန်းပိုင်း နယ်နိမိတ်ရော၊ ရေကြောင်းနယ်နိမိတ်ရောမှာ ကီလိုမီတာ ၃,၀၀၀ ကျော် ထိစပ်နေလို့ပါ” ဟု ပရာယွတ်က သတင်းထောက်များကို ပြောသည်။ “ဒါကြောင့် ဆွေးနွေးပွဲလုပ်ဖို့ လိုပါတယ်။ ဒါက ဘက်လိုက်တာ မဟုတ်ပါဘူး”

မြန်မာ့အကျပ်အတည်းကြောင့် ဒုက္ခသည်များကို နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံထဲသို့ ရောက်ရှိစေလျက် ရှိပြီး ယင်းက ကုန်သွယ်မှုအပေါ် ထိခိုက်ထားစေခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက အစောပိုင်းက ပြောသည်။

“အာဆီယံအုပ်စုထဲမှာ ထိုင်းနိုင်ငံဟာ ဒီပြဿနာတွေ အမြန်ဆုံး ပြေလည်အဆုံးသတ်သွားတာကို မြင်ချင်တဲ့ တစ်ခုတည်းသော နိုင်ငံဆိုတာကို မိမိတို့ ပြောနိုင်ပါတယ်” ဟု ၎င်းက Thai PBS ကို ပြောသည်။

၎င်းတို့၏ အဓိက ရည်ရွယ်ချက်ကို ကူညီမည့် တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းအတွက် အခြားသော အာဆီယံနိုင်ငံများအနေဖြင့် မိမိတို့ကို ကျေးဇူးတင်သင့်ကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ထိုင်း ကမကထပြုလုပ်သော ထိုဆွေးနွေးပွဲ တက်လိမ့်မည်ဟု သတင်းရင်းမြစ်နှစ်ဦးက ရိုက်တာကို ပြောသည်။

သို့သော် အာဆီယံအဖွဲ့ဝင်တချို့က ထို ဆွေးနွေးပွဲတက်ရန် ငြင်းဆန်ပြီး ဆွေးနွေးပွဲအပေါ် သဘောမကျကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသလို အခြားအဖွဲ့ဝင်နိုင်ငံတချို့ကလည်း နိုင်ငံခြားရေးဝန်ကြီးများကို မလွှတ်ဘဲ အငယ်တန်းအရာရှိများကိုသာ စေလွှတ်ခဲ့သည်။

ငြိမ်းချမ်းသော လုပ်ငန်းစဉ်တစ်ခုကို ဖော်ဆောင်နိုင်ရေး အားထုတ်မှုအဖြစ် မြန်မာပဋိပက္ခ၌ အဓိက သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လများကြာ ကြိုးပမ်းထားခဲ့သော အာဆီယံ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း ယခု ဆွေးနွေးပွဲတွင် ပါဝင်ခြင်း မရှိပေ။

မြန်မာအရေးနှင့် ပတ်သက်ပြီး လုပ်နည်းကိုင်နည်းသစ်များ ဖော်ထုတ်ရန် သို့မဟုတ် မြန်မာစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံအုပ်စုအတွင်း အများသဘောဆန္ဒ ရရှိထားခြင်း မရှိဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ပြောကြောင်း ရိုက်တာက ကြည့်ခွင့်ရပြီး သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည့် စာတစ်စောင်အရ သိရသည်။

၂၀၂၁ အာဏာသိမ်းမှုကြောင့် မြန်မာစစ်အုပ်စုအပေါ် အနောက်နိုင်ငံများက အပြင်းအထန် ပြစ်တင်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သလို အာဆီယံကလည်း မြန်မာတွင် အကြမ်းဖက်မှုများ ရပ်စဲရေး၊ ဆွေးနွေးညှိနှိုင်းရေးနှင့် လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ရေး အပါအဝင် ဘုံသဘောတူညီချက် ငါးချက်ကို ရေးဆွဲခဲ့သည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အာဆီယံအုပ်စုတွင်း စိတ်ပျက်လက်ပျက်ဖြစ်မှုများ မြင့်တက်စေသည်အထိ အာဆီယံ၏ ကြိုးပမ်းမှုများကို လျစ်လျူရှုထားခဲ့သည်။

ထိုင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ငြင်းဆန်ကြောင်း ၎င်း၏ ဝန်ကြီးဌာနက ထုတ်ပြန်သည်။ အာဆီယံအနေဖြင့် ယခုနှစ်ဥက္ကဋ္ဌ အင်ဒိုနီးရှား၏ အားထုတ်မှုကို ထောက်ခံလျက် စည်းလုံးညီညွတ်မှုကို ပြသရန် အရေးကြီးကြောင်း ယင်းက ပြောသည်။

အလားတူ မြန်မာစစ်အုပ်စုနှင့် အဆင့်မြင့်လယ်ဗယ်ဖြင့် ပြန်လည်ဆက်ဆံရန် အချိန်မတိုင်သေးကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ ယခု တနင်္လာနေ့ ထိုင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် စင်္ကာပူမှ အရာရှိတစ်ဦး တက်ရောက်သလား ဆိုသည်ကို လက်တလော မသိရသေးပေ။

ယမန်နှစ်က အာဆီယံ၏ မြန်မာဆိုင်ရာ အထူးသံအဖြစ် ဆောင်ရွက်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းကိုယ်စား ၎င်း၏ လက်ထောက်ဖြစ်သူ ယခု အစည်းအဝေး တက်မည်ဟု ကမ္ဘောဒီးယားက ပြောသည်။ အစောပိုင်း သောကြာနေ့က ပရက်ခ် ဆော့ခွန်းကိုယ်တိုင် ကမ္ဘောဒီးယား ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်လိမ့်မည်ဟု ကမ္ဘောဒီးယားက ပြောထားခဲ့ခြင်း ဖြစ်သည်။

ယခု ထိုင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲက မြန်မာပြည်သူများကို သစ္စာဖောက်ခြင်း ဖြစ်သလို အာဆီယံ၏ စည်းလုံးညီညွတ်မှုအပေါ် စော်ကားခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့က ဝေဖန်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly