အိန္ဒိယ၌ အပူလှိုင်းကျမှုအတွင်း လူ ၁၀၀ နီးပါး သေဆုံး

အိန္ဒိယ၌ အပူလှိုင်းကျမှုအတွင်း လူ ၁၀၀ နီးပါး သေဆုံး

အိန္ဒိယ၏ နယ်မြေဒေသတချို့တွင် ပြင်းထန်အပူလှိုင်းတစ်ရပ်၏ ဒဏ်ကို ခံစားနေရစဉ် နိုင်ငံ၏ လူဦးရေအသိပ်သည်းဆုံး ပြည်နယ်နှစ်ခု၌ ပြီးခဲ့သည့် ရက်များအတွင်း လူ ၉၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၁၈ ရက်တွင် ပြောသည်။

သေဆုံးမှုများမှာ နိုင်ငံမြောက်ပိုင်း ဥတာ ပရာဒက်ရှ်နှင့် အရှေ့ပိုင်းရှိ ဘီဟာပြည်နယ်တို့တွင် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး အဆိုပါ ပြည်နယ်များတွင် အသက် ၆၀ နှစ်အထက် ပြည်သူများနှင့် ရောဂါအမျိုးမျိုး ခံစားနေရသူများ နေ့ခင်းဘက်အတွင်း အပြင်မထွက်ဘဲ နေအိမ်တွင်း၌သာ နေကြရန် အာဏာပိုင်များက သတိပေးထားသည်။

ဥတာ ပရာဒက်ရှ်ရှိ သေဆုံးသူ ၅၄ ဦးစလုံးသည် ပြည်နယ်၏ မြို့တော် လက်ခ်နောင်း၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ ဘောလီယာ ခရိုင်တွင် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ အများစုမှာ အသက် ၆၀ နှစ်အထက် ရှိသူများဖြစ်ပြီး နဂိုရှိရင်းစွဲ ရောဂါများ ရှိထားသူများဖြစ်ကာ အပူချိန်ပြင်းထန်မှုက ကျန်းမာရေးအခြေအနေများကို ပိုဆိုးစေခဲ့နိုင်ကြောင်းကို အာဏာပိုင်များက လေ့လာတွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် သုံးရက်အတွင်း အပူကြောင့် ပိုမိုဆိုးရွားစေသည့် နာမကျန်းဖြစ်မှုများအတွက် ခရိုင်ဆေးရုံသို့ လူနာ ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ဘောလီယာမှ ဆေးဘက်အရာရှိတစ်ဦးဖြစ်သည့် အက်စ်ကေ ယာဒက်ဗ်က ပြောသည်။

အခြေအနေ၏ ကြီးလေးမှုကြောင့် ဘောလီယာရှိ ကျန်းမာရေးအမှုထမ်းများ၏ ခွင့်ယူရန် လျှောက်ထားမှုများကို အာဏာပိုင်များက ပယ်ဖျက်ခဲ့ရပြီး လူနာများ စုပြုံရောက်ရှိမှုကို နေရာပေးရန် အရေးပေါ် အဆောင်၌ ထပ်ထိုး ဆေးရုံကုတင်များ ပံ့ပိုးပေးခဲ့သည်။

ဆေးရုံတက်သူ လူနာအများစုသည် အသက် ၆၀ နှစ်နှင့် အထက် အသက်အပိုင်းအခြား ရှိသူများဖြစ်ပြီး ၎င်းတို့သည် အဖျားကြီးခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှုရ ခက်ခဲခြင်းများနှင့် နှလုံးနှင့် ဆိုင်သည့် ရောဂါလက္ခဏာများကဲ့သို့ လက္ခဏာများ ပြသနေကြောင်း တာဝန်ရှိသူများက ပြောသည်။

မိမိ၏ ဖခင်ဖြစ်သူ တက်ရောက်ခဲ့သည့် ဆေးရုံ အရေးပေါ်ကုသဆောင်၌ လူနာများ အလုံးအရင်းဖြင့် ရောက်လာခြင်းကို ကိုယ်တိုင် တွေ့မြင်ခဲ့ရကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် ဘောလီယာ ဒေသခံတစ်ဦးဖြစ်သော ပါသက်ခ်က ပြောသည်။

“ဘောလီယာမှာ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အပူကြောင့် လူတွေ ဒီလောက်အများကြီး သေတာကို ကျွန်တော့်တစ်သက်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး” ဟု ၎င်းက ပြောသည်။ “ခုချိန်မှာ လူတွေက အပြင်ထွက်ရမှာကို ကြောက်နေကြတယ်။ လမ်းတွေ၊ ဈေးတွေမှာလည်း လူသူကင်းမဲ့သလောက်ဖြစ်နေတယ်”

ဘောလီယာ ခရိုင်အပြင် ဥတာ ပရာဒက်ရှ်၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ခရိုင်များတွင်လည်း ပြင်းထန်အပူချိန်ကို ခံစားနေရသည်။

ဇွန်လ ၁၈ ရက်က ဘောလီယာခရိုင်တွင် အမြင့်ဆုံး အပူချိန်အဖြစ် ၄၃ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ကြုံတွေ့ခဲ့ရသည်။

အလားတူ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင်လည်း ပြင်းထန်သော အပူရှိန်က ပြည်နယ်၏ ဒေသအများစုကို လွှမ်းခြုံထားပြီး ပြီးခဲ့သည့် နှစ်ရက်အတွင်း လူ ၄၂ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများအနက် ၃၅ ဦးသည် ပြည်နယ်မြို့တော် ပတ္တနားရှိ ဆေးရုံနှစ်ခု၌ သေဆုံးခြင်း ဖြစ်ပြီး အဆိုပါ ဆေးရုံများတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းတို့ ဖြစ်နေသည့် လူနာ ၂၀၀ ကျော် တက်ရောက်ကုသမှုခံယူနေရသည်။

ပတ္တနားတွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က အမြင့်ဆုံးအပူချိန် ၄၄ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ်အဖြစ် မှတ်တမ်းတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly