ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ FCC India club မှ နိုင်ငံခြားသတင်းသမားများ နုတ်ထွက်

ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ FCC India club မှ နိုင်ငံခြားသတင်းသမားများ နုတ်ထွက်
(FCC-South Asia ဥက္ကဌ နှင့် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်) ဓာတ်ပုံ- GNLM

အိန္ဒိယနိုင်ငံ နိုင်ငံခြားသတင်းသမားများ အဖွဲ့ FCC India club ၏ ဥက္ကဋ္ဌဖြစ်သူ ရှီရူမယ်လာဗန်ကတ် နာရာယန်သည်ပြီးခဲ့သည့်သီတင်းပတ်က နေပြည်တော်သို့ လာရောက်ကာစစ်ကောင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်တွေ့ဆုံကြောင်း စစ်ကောင်စီထုတ်ဝေသည့် Global New Light of Myanmar သတင်းစာတွင်ဖော်ပြခဲ့သည့်နောက် စိတ်ဆိုးဒေါသထွက်မှုများ ဖြစ်ပွားပေါ်ပေါက်သည်။

ယင်းကို ကန့်ကွက်သည့်အားဖြင့် FCC India မှ နုတ်ထွက်ပြီဟု FCC India အဖွဲ့ဝင်များ ဖြစ်ကြသောနိုင်ငံခြား သတင်းထောက်၁၀ ဦးပါအဖွဲ့က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ချက်တစ်စောင်ဖြင့်ကြေညာလာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်လက်မှတ်ထိုးသူများမှာAletta André၊ Sebastien Berger၊ Sébastien Farcis၊ Sean Gleeson၊ Laura Höflinger၊ Peter Hornung၊ Oliver Mayer၊ John Reed၊ Lena Schipper နှင့် Gerry Shih တို့ ဖြစ်ကြသည်။ယင်း ထုတ်ပြန်စာတွင် ပါဝင်လက်မှတ်ထိုးသူများ၌ the Economist၊ Washington Post၊ Agence France Presse၊ Financial Times၊ Radio France International နှင့် ARD တို့မှဗျူရိုအကြီးအကဲများလည်း ပါဝင်သည်။

ထုတ်ပြန်ချက်ကို လက်ရှိ၌အိန္ဒိယတွင် နိုင်ငံခြားသတင်းထောက်များအဖြစ် လုပ်ကိုင်နေသော FCC အဖွဲ့ဝင်ဟောင်း ၂၂ဦးကလည်း ထောက်ခံကြောင်း ဒေသတွင်းမီဒီယာအရ သိရသည်။

“FCC ရဲ့ဥက္ကဋ္ဌဟာ သတင်းသမားတွေအတွက် ကမ္ဘာပေါ်မှာအဆိုးဆုံး နေရာတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာစစ်ကောင်စီ ကိုယ်စားလှယ်နဲ့ တွေ့ဆုံတာအတွက်ကျွန်တော့်အနေနဲ့ ထိတ်လန့်တုန်လှုပ်ရပါတယ်၊ ဒီလိုသွားရောက်တွေ့ဆုံတာကို ရှင်းလင်းဖို့ ကျွန်တော်နဲ့အခြား အဖွဲ့ဝင်တွေတိုက်တွန်းသွားမှာ ဖြစ်တယ်”ဟုသတင်းထောက်တစ်ဦးက တွစ်တာတွင်ရေးသားသည်။

ထိုသို့ သွားရောက်လည်ပတ်မှုသည် “မိမိတို့အကျိုးစီးပွားအတွက် အောင်မြင်စွာကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်းဟု FCC အပေါ် မိမိတို့၏ယုံကြည်မှုကို ဖျက်ဆီးပစ်ကြောင်း၊ မိမိတို့အနေဖြင့်အဖွဲ့ဝင်အဖြစ်မှ ချက်ချင်းနုတ်ထွက်ကြောင်း” ယခုကိစ္စရပ်နှင့် ပတ်သက်ကာ FCC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုက်ပြီဆိုသော တွမ်ဆန်ချူအာက ပြောသည်။

“FCC ဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံ ခရီးစဉ်ကိုကြီးကြီးမားမား တုံ့ပြန်တာပါပဲ၊ သူဟာ စစ်ကောင်စီဝန်ကြီးတွေနဲ့ စီးပွားရေးနဲ့ မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့တာကို တုံ့ပြန်လိုက်တာပဲ”ဟု၎င်းက ဖြည့်စွက်ဆိုသည်။

ဥက္ကဋ္ဌဖြစ်သူ၏ မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီးအရေးကြီးသော မေးခွန်းရှိနေကြောင်း ဘီဘီစီနှင့်ရိုက်တာတို့တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ဖူးသောအိန္ဒိယ သတင်းထောက်ဟောင်း ဆူဘီးဘွန်းမစ်ကမဇ္ဈိမသို့ ပြောသည်။

“မြန်မာနိုင်ငံမှာလိုမျိုး လူမဆန်တဲ့စစ်ကောင်စီကို ဘယ်လိုလွတ်လပ်တဲ့ မီဒီယာကဘာကြောင့် ခယနေရမှာလဲ”ဟု၂၀၂၁ မတိုင်ခင်ကမြန်မာနိုင်ငံတွင် လုပ်ကိုင်ခဲ့သူ ဘွန်းမစ်ကမဇ္ဈိမသို့ ဆိုသည်။

“စစ်ကောင်စီရဲ့ ကြီးမားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့မြန်မာနိုင်ငံဆီ သွားရောက်တယ်ဆိုရင်တော့ ကောင်းမှာပေါ့၊ ခုတော့ ဒီလိုမဟုတ်ဘဲ FCC ရုံးဟာစစ်ကောင်စီ စီစဉ်ပေးတဲ့အပျော်ခရီးကို သွားရောက်တာမျိုးကတော့ စက်ဆုပ်ဖွယ်ဖြစ်ပြီး လက်မခံနိုင်စရာပဲ၊ဒီ ခရီးစဉ်ကိုအကြောင်းပြုပြီး စစ်ကောင်စီဟာဒေသတွင်းမှာ မီဒီယာလွတ်လပ်ခွင့် ရှိပါတယ်ဆိုပြီးအသုံးချလာနိုင်တယ်”ဟု၎င်းက ပြောသည်။

ယခု အရေးကိစ္စကိုစစ်ကောင်စီက အသုံးချခြင်းအဖြစ် FCC ဥက္ကဋ္ဌ၏ ခရီးစဉ်အား Global New Light of Myanmar သတင်းစာတွင်ဓာတ်ပုံများနှင့်တကွ သတင်းလေးပုဒ်ဖော်ပြခဲ့သည်။ ဇွန်၈ ရက်ကဖော်ပြသည့် သတင်းတွင် “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်မျိုးထွဋ်က နယူးဒေလီအခြေစိုက်နိုင်ငံခြားသတင်းထောက်များကလပ်၏ ဥက္ကဋ္ဌရှီရူမယ်လာ ဗန်ကတ်နာရာယန်အား နေပြည်တော်ရှိ ဝန်ကြီးဌာနတွင်မနေ့က လက်ခံတွေ့ဆုံသည်”ဟုဖော်ပြပါရှိသည်။

“တွေ့ဆုံမှုတွင် မြန်မာနိုင်ငံကနောက်ဆုံး ဖြစ်ပေါ်မှုများနှင့် ပတ်သက်ပြီးအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကာ မီဒီယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများအရေး ဆွေးနွေးကြသည်။ မြန်မာနိုင်ငံ၏အစစ်အမှန် အခြေအနေကိုနိုင်ငံတကာသို့ သိရှိစေရေးနှင့် နိုင်ငံပိုင်မီဒီယာ၏စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကိုပါ ဆွေးနွေးခဲ့ကြသည်”

FCC အဖွဲ့ဝင်များ၏ ဝေဖန်မှုများကိုတုံ့ပြန်ရာတွင် နာရာယန်က FCC India သို့ ထုတ်ပြန်ချက်၌ FCC India က ကိုယ်စားပြုပြီး မြန်မာနိုင်ငံသို့သွားရောက်ခဲ့ခြင်း မဟုတ်ကြောင်းပြောဆိုထားသည်ဟု The Wire သတင်းကဖော်ပြသည်။

မိမိမှာ ကျွမ်းကျင်သတင်းသမားအဖြစ် နှစ်၅၀ ကျော်သက်တမ်းရှိကြောင်း၊ နိုင်ငံပေါင်း ၆၈ နိုင်ငံဆီအလုပ်နှင့် ခရီးသွားရောက်ခဲ့ကြောင်း၊ နိုင်ငံခြားအရာရှိအရာခံ များစွာနှင့်အင်တာဗျူးခဲ့ဖူးကြောင်း နာရာယန်ကပြောသည်။

“ကျွန်တော်ရဲ့ပြီးခဲ့သည့် သီတင်းပတ်ကမြန်မာခရီးစဉ်ဟာ ကျွန်တော်အရင် အလုပ်လုပ်တုန်းကလိုပါပဲ၊ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ နားလည်သိမြင်ဖို့သံတမန်တွေ၊ သတင်းသမားတွေ၊ ဝန်ကြီးတွေနဲ့တွေ့ဆုံခဲ့တယ်၊ ဘယ်အချိန်ရွေးကောက်ပွဲ ကျင်းပမလဲဆိုတာ သိရဖို့လည်းပါတယ်၊ သတင်းသမားတိုင်း လုပ်ကိုင်သလိုလုပ်ကိုင်ခဲ့တာပဲ ဖြစ်တယ်”ဟု၎င်းက ပြောသည်။

ဆရီနာဂါ(ကက်ရှ်မီးယားဒေသ) ဖြစ်စေ၊ ကဘူးလ်သို့ဖြစ်စေ သွားရမည်ဆိုလည်း ဘုတ်အဖွဲ့ကမည်သည့် အဖွဲ့ဝင်ကမှ FCC India ၏ စီမံရေးကော်မတီသို့ သတင်းတင်ပြစရာမလိုကြောင်း ၎င်းကငြင်းဆိုသည်။ “စီမံရေးကော်မတီ အဖွဲ့ဝင်ဖြစ်တာနဲ့ ကျွန်တော်တို့အနေနဲ့ သတင်းယူခွင့်၊ခရီးသွားခွင့်နဲ့ လူအသီးသီးနဲ့တွေ့ဆုံခွင့်တွေ ကန့်သတ်ခံရတာမျိုး မရှိထားဘူး”ဟု၎င်းက ပြောသည်။

သို့ရာတွင် FCC ဥက္ကဋ္ဌဖြစ်သူ၏ အမြော်အမြင်မဲ့သောစစ်ကောင်စီ စီစဉ်သည့်မြန်မာခရီးစဉ်ကြောင့် FCC အဖွဲ့နှင့်ပတ်သက်သော ရေရှည်မကျေနပ်မှုများ ပြန်လည်ပေါ်ပေါက်လာသကဲ့သို့ အိန္ဒိယတွင်နိုင်ငံခြား သတင်းသမားများ၏ အခြေအနေတို့အပေါ်မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ယခု ကန့်ကွက်ဆန့်ကျင်သည့် ထုတ်ပြန်ချက်၌ FCC ၏ သက်ဆိုင်သောကျင့်ဝတ်သိက္ခာပိုင်းနှင့် ပတ်သက်ကာအရေးဆိုထားသည်။ “ယခုလုပ်ရပ်မှာ လွတ်လပ်သောသတင်းမီဒီယာအား ကာကွယ်ပေးရေးနဲ့ လွယ်ကူချောမွေ့စေရေး FCC ရဲ့ အခန်းကဏ္ဍကိုသစ္စာဖောက်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ မိမိတို့အကျိုးစီးပွားကို အောင်မြင်စွာကိုယ်စားပြုနိုင်သည် အဖွဲ့အစည်းအဖြစ် ယုံကြည်ထားမှုအပေါ်ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ချက်ချင်းလက်ငင်းအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း” ဖော်ပြထားသည်ဟု The Wire သတင်းကဖော်ပြသည်။

အိန္ဒိယတွင် နိုင်ငံခြားသတင်းထောက်များ ရင်ဆိုင်နေရသော အခက်အခဲများနှင့်ပတ်သက်ပြီး စိုးရိမ်သံများ မြင့်တက်လာကြောင်း၊ဗီဇာအချိန်မီ သက်တမ်းတိုးခြင်းနှင့် ပတ်သက်ပြီးမသေချာမှုများအပြင် အခြားနိုင်ထက်စီးနင်း လုပ်ရပ်များရှိကြောင်း The Wire ကရှင်းပြထားသည်။ နိုင်ငံခြားသတင်းထောက်များ ရင်ဆိုင်နေရသော ဖိစီးမှုများကိုပြီးခဲ့သည့် သုံးနှစ်တာ၌ FCC India က ပြည်တွင်းတိုင်းတာစစ်ဆေးမှု၌ မှတ်တမ်းတင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly