ထိုင်းဝန်ကြီးချုပ်လောင်း ပီတာကို ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမည်

ထိုင်းဝန်ကြီးချုပ်လောင်း ပီတာကို ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမည်
Photo - AFP

ထိုင်းဝန်ကြီးချုပ်နေရာအတွက် တစ်ပြေးနေသူဖြစ်သည့် ဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျရွန်ရတ်အနေဖြင့် ပြီးခဲ့သည့်လ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီခဲ့ခြင်း ရှိ မရှိ ဆိုသည်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ ၁၂ ရက်တွင် ပြောသည်။

ပီတာအနေဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် ထောက်ခံမှု အပြည့်အဝ ရရှိရေး ကြိုးပမ်းနေရစဉ် ယင်းက ၎င်းအတွက် နောက်ထပ် ဆုတ်ဆိုင်းမှုတစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။

ထိုင်း၏ စစ်တပ် ကျောထောက်နောက်ခံပြု ဩဇာရှိ ရှေးရိုးဝါဒီတို့ကို ကြက်သေ သေစေခဲ့လျက်ဖြင့် ရွေးကောက်ပွဲ အောင်ပွဲရခဲ့သော တိုးတက်သောဝါဒီ ရှေ့သို့ ချီ ပါတီ၏ အသက် ၄၂ နှစ်ရှိ ခေါင်းဆောင် ပီတာသည် ပြိုင်ဘက်များထံမှ တိုင်ကြားချက်အများအပြားကို ရင်ဆိုင်ထားခဲ့ရသည်။ ထိုတိုင်ကြားချက်များအနက် သုံးခုသည် အချိန်နှောင်းခါမှ တင်ပြ၍ ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သလို ၎င်း၏ ပါတီအပေါ် ဆန့်ကျင် တိုင်တန်းထားသည့် အခြားတိုင်တန်းချက် လေးခုလည်း ပယ်ချခံထားရသည်။

သို့သော် ရွေးကောက်ပွဲ စည်းမျဉ်းများအောက်တွင် တားမြစ်ထားသည့် မီဒီယာကုမ္ပဏီလုပ်ငန်းတစ်ခု၌ ရှယ်ယာ ပိုင်ဆိုင်မှုကြောင့် ပီတာအနေဖြင့် ပါလီမန် ကိုယ်စားလှယ်တစ်ဦးအဖြစ် စာရင်းသွင်းရန် မသင့်မလျော် ဖြစ်ခဲ့သလား ဆိုသည်နှင့်ပတ်သက်ပြီး ကော်မရှင်က စုံစမ်းစစ်ဆေးမည် ဖြစ်သည်။

ထိုကိစ္စကို ပီတာက ဘေးချိတ်ရန် ကြိုးပမ်းခဲ့ပြီး ITV အမည်ရှိ ကုမ္ပဏီရှိ ရှယ်ယာများကို လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်းနှင့် ကုမ္ပဏီသည် လည်ပတ်လုပ်ကိုင်နေသာ မီဒီယာအဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း ချေပထားသည်။ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ကြောင်း တွေ့ရှိပါက ၎င်းအနေဖြင့် စည်းကမ်းနှင့် မညီ၍ ပိတ်ပင်ခံရခြင်း၊ အများဆုံး ထောင်ဒဏ် ၁၀ နှစ်နှင့် နိုင်ငံရေးလုပ်ခွင့် အနှစ် ၂၀ ပိတ်ပင်ခံရခြင်းတို့နှင့် ရင်ဆိုင်ရနိုင်သည်။

“ရွေးကောက်ပွဲ စည်းမျဉ်းတွေအရ ကိုယ်စားလှယ်တစ်ဦးဟာ အစိုးရရာထူးဌာနန္တရကို ရယူဖို့ မသင့်တော်ဘူးလား၊ တားဆီးပိတ်ပင်ရမလား ဆိုတာနဲ့ပတ်သက်ပြီး ပီတာကို ထပ်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် လုံလောက်တဲ့ အချက်အလက်တွေ ရှိပါတယ်” ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အီတီပွန်း ဘွန်းပရာခေါင်က ရိုက်တာကို ပြောသည်။

ထိုင်းရွေးကောက်ပွဲ၌ အတိုက်အခံ ရှေ့သို့ချီ ပါတီနှင့် ဖျူထိုင်း ပါတီ တို့သည် စစ်တပ်နှင့် မဟာမိတ်ပြုထားသည့် ကွန်ဆာဗေးတစ် ပြိုင်ဘက်များအပေါ် အသာရခဲ့ပြီး နိုင်ငံတွင် ၂၀၁၄ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ် ကျောထောက်နောက်ခံပြုသော သို့မဟုတ် ဦးဆောင်သော အစိုးရ၏ ကိုးနှစ်နီးပါးကြာ အုပ်ချုပ်မှုကို အပြတ်အသတ် ပယ်ချကြောင်း ပြသနိုင်ခဲ့သည်။

ရွေးကောက်ပွဲ နိုင်သော ရှေ့သို့ချီ ပါတီနှင့် ဖျူထိုင်းပါတီတို့သည် အခြားသော ပါတီငယ် ခြောက်ခုနှင့်အတူ မဟာမိတ်ဖွဲ့ထားသည်။ သို့သော် စစ်တပ်လက်အောက် ခန့်အပ်ထားသည့် ကွန်ဆာဗေးတစ် ယိမ်းသော ဆိနိတ်တွင် ပီတာ၏ ဝန်ကြီးချုပ် ရာထူး ရယူရန်နှင့် အစိုးရဖွဲ့ရန် ကြိုးပမ်းမှုက ဆန့်ကျင်အတိုက်အခံပြုမှုတို့နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ ဝန်ကြီးချုပ်ရာထူးအတွက် လွှတ်တော်နှစ်ရပ် မဲခွဲဆုံးဖြတ်မှုက ဩဂုတ်လထက်နောက်မကျဘဲ ဖြစ်ပေါ်ဖွယ် ရှိပြီး ရှေ့တွင် မသေချာမရေရာမှု၏ သီတင်းပတ်များက အသင့်စောင့်ကြိုနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly