ခရစ္စတယ်မက်များကို မြန်မာဆိပ်ကမ်းများမှတစ်ဆင့် တင်ပို့နေဟု ကုလ အစီရင်ခံစာတွင် ဖော်ပြ

ခရစ္စတယ်မက်များကို မြန်မာဆိပ်ကမ်းများမှတစ်ဆင့် တင်ပို့နေဟု ကုလ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံတွင် မက်သာဖက်တမင်း မူးယစ်ဆေး ထုတ်လုပ်မှုက ပြီးခဲ့သည့်နှစ်တွင် မြင့်တက်ခဲ့ပြီး ခရစ္စတယ် မက်သာဖက်တမင်း တင်ပို့သူများသည် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ပို့ဆောင်ခြင်းထက် ယခုအခါ တိုက်ရိုက် ပင်လယ်ရေလမ်းကြောင်းများကို စတင် အသုံးပြုလာလျက် ရှိကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) အဖွဲ့၏ မကြာသေးခင်က အစီရင်ခံစာတစ်ရပ်အရ သိရသည်။

အရှေ့နှင့် အရှေ့တောင်အာရှရှိ ဓာတုဗေဒနည်းဖြင့် ဖန်တီးသည့် မူးယစ်ဆေးဝါးများ၊ နောက်ဆုံးဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် စိန်ခေါ်မှုများ” ဆိုသည့် အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် မြန်မာ၌ မက်သာဖက်တမင် ဖမ်းဆီးရမိမှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။ မက်သာဖက်တမင် ထုတ်လုပ်မှု၏ ဗဟိုချက်က ရှမ်းပြည်နယ်ဖြစ်ကြောင်း ယင်းက ပြောသည်။

ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ငယ်များနှင့် ပြည်သူ့စစ်အဖွဲ့များ ထုတ်လုပ်သည့် မက်သာဖက်တမင်း ဆေးပြားအရေအတွက်သည် ၂၀၂၁ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ တွင် ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု UNODC ၏ လေ့လာအကဲဖြတ်ချက်အရ သိရသည်။ အစောပိုင်းနှစ်က ယင်းသည် ၁၃ ရာခိုင်နှုန်း မြင့်တက်ထားခဲ့သည်။

အစောပိုင်း နှစ်များနှင့် ယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေး မှောင်ခိုကူးမှု ပုံစံများက မတူကွဲပြားခဲ့သည်ဟုလည်း အစီရင်ခံစာတွင် မှတ်ချက်ပြုသည်။

မက်သာဖက်တမင်း ဆေးပြားများအတွက် အဓိက ဈေးကွက်များမှာ တရုတ်၊ လာအိုနှင့် ထိုင်းတို့ဖြစ်ပြီး ထိုသုံးနိုင်ငံစလုံးသည် ရှမ်းပြည်နယ်နှင့် ကပ်လျက်ရှိသည့်အတွက် ဆေးပြားများကို တင်ပို့ရန် ကျယ်ပြန့်သော မှောင်ခို ကွန်ရက်များ မလိုအပ်ဟု သိရသည်။

အပြန်အလှန်အားဖြင့် ခရစ္စတယ် မက်အတွက် အဓိက ဈေးကွက်သည် ပြည်ပ ဖြစ်သည်။ ယခင်က မှောင်ခိုတင်ပို့သူများသည် ခရစ္စတယ် မက်ကို နိုင်ငံတကာ ဈေးကွက်တစ်ခုသို့ တင်ပို့ရန် ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် သွားသည့် လမ်းကြောင်းများကို အသုံးပြုခဲ့သည်။ ယခင်ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာမှ လာသော ခရစ္စတယ် မက်များကို ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် ထိုင်း အနောက်ပိုင်းတွင် ဖမ်းဆီးရမိမှုများက ၉ ဒသမ ၇ တန် ဖြစ်ပြီး ယင်းသည် ၂၀၂၁ ခုနှစ်က ဖမ်းဆီးရမိသည့် ၂၂ ဒသမ ၁ တန်၏ ထက်ဝက်ပင် မရှိဘဲ ဖြစ်ခဲ့သလို ၂၀၁၇ နောက်ပိုင်း အနည်းဆုံးသော တစ်နှစ်တာ ဖမ်းဆီးရမိမှုပမာဏ ဖြစ်သည်။

မှောင်ခိုသမားများသည် လက်ရှိတွင် ခရစ္စတယ် မက်များ ကို မြန်မာ ဆိပ်ကမ်းများမှ နိုင်ငံတကာ ဈေးကွက်များသို့ တိုက်ရိုက် တင်ပို့နေပြီဖြစ်သည့်အတွက် ထိုကဲ့သို့ ဖမ်းဆီးရမိမှုများတွင် ကျဆင်းခြင်း ဖြစ်ကြောင်း UNODC က ပြောသည်။

“၂၀၂၂ တွင် မြန်မာနိုင်ငံရှိ စနစ်တကျ စီစဉ်ထားသော ရာဇဝတ်အဖွဲ့များသည် အရေအတွက် ပမာဏ များပြားသော ခရစ္စတယ်မက်များ ပို့ဆောင်မှုအတွက် မြန်မာ၏ တောင်ဘက်ပိုင်း ဧရိယာများကို ပိုမို ချိန်ရွယ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ယခုကဲ့သို့ လမ်းကြောင်းများ အမျိုးမျိုးပြောင်းလဲခွဲထုတ်သော်လည်း “စနစ်တကျ စီစဉ်ထားသော ရာဇဝတ်အဖွဲ့များသည် ရှမ်းပြည်မှ များပြားသည့် ခရစ္စတယ် မက် ပို့ကုန်များကို လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ ပို့ဆောင်ရန် ဆက်လက် ကြိုးပမ်းထားခဲ့သည်ဟု အစီရင်ခံစာက သတိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly